အမြန်ရေယာဉ်နစ်မြုပ်မှုအတွင်း သေဆုံးသူ ၁ ဦးလျင် ကျပ် ၂၂ သိန်း ထောက်ပံ့မည်

A d v e r t i s e m e n t With Us

October 23, 2016

အမြန်ရေယာဉ်နစ်မြုပ်မှုအတွင်း သေဆုံးသူ ၁ ဦးလျင် ကျပ် ၂၂ သိန်း ထောက်ပံ့မည်

အမြန်ရေယာဉ်နစ်မြုပ်မှုအတွင်း သေဆုံးခဲ့သူများအတွက် တဦးလျင် ငွေကျပ် ၂၂ သိန်းနှုန်း ထောက်ပံ့ပေးသွားမယ်လို့ စစ်ကိုင်းတိုင်းအစိုးရက ပြောပါတယ်။ တိုင်းခန်းမမှာ မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး ဗဟိုအစိုးရက တဦးလျင် ကျပ် ၅ သိန်း၊ တိုင်းအစိုးရက ၃ သိန်း၊ အမြန်ရေယာဉ်အသင်းက ၄သိန်းနဲ့ ရေကြောင်းအသက်အာမခံငွေ ကျပ် ၁၀ သိန်း စုစုပေါင်း ၂၂ သိန်း ထောက်ပံ့မှာ ဖြစ်ပါတယ်။ မုံရွာမြို့မှာလုပ်တဲ့ စစ်ကိုင်းတိုင်းအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းကြိုင်က ''ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး ရေကြောင်းရဲတွေကို သင်တန်းပေးပြီး ရန်ကုန်နဲ့ မန္တလေးတို့မှာ ခန့်ထားတာဝန်ထမ်းဆောင်နေပါပြီ။ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာရင်တော့ မြစ်တွင်းရေယာဉ်တွေ အန္တရာယ်ကင်းရှင်းရေးနဲ့ မြစ်တွင်း တရားမဝင် နည်းလမ်းနဲ့ လုပ်ဆောင်နေတာကို ဖော်ထုတ်အရေးယူမှု အခုထက်ပိုမိုလာမှာဖြစ်သလို စည်းကမ်းမဲ့ရေယာဉ် အရေးယူမှုတွေကို အခုထက်ပိုမိုလုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် အခုလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံမှာမဟုတ်တော့ပါဘူး'' လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းအုပ်စု၊ မိချောင်းတွင်းကျေးရွာအနီးမှာ ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာခဲ့တဲ့ ချင်းတွင်းမြစ်တွင်းသွား အေးငြိမ်းချမ်းသာ အမြန်မော်တော်ရေယာဉ်လိုင်းမှ အောင်စိုးမိုးကျော် (၂) အမြန် ရေယာဉ်တိမ်းမှောက်နစ်မြုပ်ခဲ့ပါတယ်။ ရေယာဉ်နစ်မြုပ်မှုအတွင်း ခရီးသည် ၁၆၀ လောက် ကယ်တင်နိုင်ခဲ့ပြီး အလောင်း ၇၀ ကျော် ဆယ်ယူရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
4 years Ago
Up