အမြန်လမ်းမကြီး

March 25, 2019

အမြန်လမ်းမကြီးတွင် ယာဉ် ၂ စီးတိုက်မိ၊ ၄ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၇/၃ အနီးမှာ မတ်လ ၂၅ ရက်မနက်က ယာဉ်နှစ်စီးတိုက်မိခဲ့ပြီး ခရီးသည် ၄ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ နေပြည်တော်ကနေ ရန်ကုန်ဘက်သို့မောင်းနှင်လာတဲ့ Light Truck ယာဉ်ကို ယာဉ်ကြောတူနောက်ကနေ မောင်းနှင်လာတဲ့ ရွှေကိန္ဒရီခရီးသည်တင်ယာဉ်က ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။ မြို့ချောင်း အမြန်လမ်းရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက "အခင်းဖြစ်တဲ့နေရာမှာ သေဆုံးတာက သုံးဦးပါ။ နောက်တယောက်က ဆေးရုံမှာ ဆုံးတာ စုစုပေါင်း ၄ ဦးဖြစ်သွားတယ်။ လူနာတွေ ကိုတော့ ဖြူးဆေးရုံနဲ့ မြို့ချောင်းဆေးရုံကို တင်ထားတာ။ အခုတော့ တောင်ငူဆေးရုံကိုပြောင်းပြီး တင်ထားပါတယ်။ ယာဉ်မောင်းတိုက်တဲ့ ယာဉ်မောင်း ကိုတော့ စစ်ဆေးနေပါပြီ"လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ရွှေကိန္ဒရီခရီးသည်တင်ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေတော့ ဒဏ်ရာရခဲ့တာ မရှိပေမယ့်လည်း Light Truck ယာဉ်ပေါ်မှာလိုက်ပါလာသူ ခရီးသည် ၄ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရှိခဲ့တာပါ။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး "ရွှေကိန္ဒရီ"ယာဉ်မောင်းကို မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းက  ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
2 years Ago

August 4, 2018

အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ထက်ဝက်ကျော် လျော့ကျ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ဇူလိုင်လအတွင်း ယာဉ်မတော်တဆမှု ၂၈ မှုဖြစ်ပွား၍ ဒဏ်ရသူ ၃၇ ယောက် ရှိခဲ့တာကြောင့် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လတွေထက် ထက်ဝက်ကျော် လျော့ကျသွားတယ်လို့ ဇူလိုင် ၃ ရက်နေ့က အမြန်လမ်းမကြီးရဲတပ်ဖွဲ့က သိရပါတယ်။ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲအုပ်တဦးက "၂၀၁၆ ၂၀၁၇ ဇူလိုင်လတွေနဲ့ အခု ၂၀၁၈ ဇူလိုင်လကို နှိုင်းယှဉ်ရင် ယာဉ်မတော်တဆမှုတွေ၊ ဒဏ်ရာရမှုတွေ ထက်ဝက်ကျော် ကျင်းသွားတာပါ။ လူသေဆုံးမှုကတော့ ၂၀၁၇ က ၃ ဦးဖြစ်ပြီး ၂၀၁၈ က ၄ ဦး ဖြစ်နေတော့ ၁ ဦးပိုနေတာ တွေ့ရတယ်။ အခုလို ယာဉ်တိုက်မှုတွေ လျော့လာတာ ယာဉ်မောင်းသူတွေ ဆင်ခြင်နိုင်အောင် အမြဲစောင့်ကြည့်ပြီး အသိပညာပေးမှု၊ သတိပေးမှုတွေ ဂရုတစိုက် လုပ်ဆောင်ပေးခဲ့တဲ့ ရလဒ်ကောင်းတခုပါပဲ။ ယာဉ်မောင်းသူများဘက်ကလည်း အမြန်လမ်းမကြီးရဲ့ စည်းကမ်းတွေကို လိုက်နာပေးတာလည်း ပါပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာတုန်းက ယာဉ်မတော်တဆမူပေါင်း ၈၀ ဖြစ်ပြီး ၁၅ ယောက် သေဆုံး၊ ၁၁၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာက ယာဉ်မတော်တဆမှုပေါင်း ၅၀ ဖြစ်ပွားပြီး ၃ ယောက်သေဆုံး၊ ၆၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago
Up