အမြန်လမ်းမပေါ် ကား ၅ စီး ဆင့်တိုက်မိပြီး ထိတ်လန့်ဖွယ် မီးလောင်

January 24, 2018

အမြန်လမ်းမပေါ် ကား ၅ စီး ဆင့်တိုက်မိပြီး ထိတ်လန့်ဖွယ် မီးလောင် (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အမြန်လမ်းမတခုပေါ်မှာ ဒီကနေ့မနက် အစောပိုင်းက ကား ၅ စီး ဆင့်တိုက်မိခဲ့ပြီး ထိတ်လန့်ဖွယ် မီးလောင်ကျွမ်းခဲ့တယ်လို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒေသစံတော်ချိန် မနက် ၇း၄၅ နာရီလောက်က ခလောင်တိုအီခရိုင်နဲ့ ဒင်ဒန်းခရိုင်ကြား၊ ဖလွန်ချစ်မြို့ပြင်ပတ်လမ်းမပေါ်မှာ ဖြစ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဒီကားဆင့်ကဲတိုက်မှုမှာ အလယ်က တတိယမြောက်ကား မီးလောင်ကျွမ်းခဲ့ကာ ကားပေါ်မှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ပါဝင်ခဲ့ပြီး ကားမီးမလောင်ခင်မှာ သီသီလေး လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သာရီနီရာနီ အမည်ရတဲ့ အဲဒီ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ရာဂ်ျဗီသီဆေးရုံ ပို့ဆောင် ဆေးကုသပေးနေတယ်လို့ ရဲတွေက ပြောပါတယ်။ ရဲတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်တဲ့နေရာဆီ ရောက်လာခဲ့ကြပြီး မီးငြှိမ်းသတ်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် မနက် ၈း၃၀ နာရီလောက်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်မှာ ထိခိုက်သေဆုံးသူ တဦးတယောက်မှ မရှိခဲ့ဘဲ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ ရုပ်သံ - JS 100 Radio Facebook
3 years Ago
Up