အမြန်လမ်းတွင် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားသည့်နေရာ ၂၀ ကျော်ရှိ

April 9, 2016

အမြန်လမ်းတွင် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားသည့်နေရာ ၂၀ ကျော်ရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆဖြစ်မှု မကြာခဏဖြစ်ပွားတဲ့ နေရာပေါင်း ၂၀ ကျော် ရှိပြီး ၁၂၅ မိုင်နဲ့ ၁၂၆ မိုင်ကြားမှာ အများဆုံး ဖြစ်ပွားတယ်လို့ အမြန်လမ်းမကြီး ကြီးကြပ်ရေးနဲ့ထိန်းသိမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကြည်ဇော်မြင့်က ပြောပါတယ်။ အစိုးရရဲ့ ရက် ၁၀၀ စီမံချက်အတွက် ရန်ကုန် - မန္တလေး အမြန်လမ်းမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှု လျော့ချရေး စီမံချက် ရေးဆွဲတဲ့ထဲ အခုလိုထည့်သွင်းဖော်ခဲ့တာဖြစ်ပြီး အခု ၁၂၅ မိုင်အနီး ဂရုစိုက်စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။ “ယာဉ်မတော်တဆဖြစ်တာတွေကို ၂၀၁၃-၁၄-၁၅ သုံးနှစ်စာ အချက်အလက် ယူလိုက်တယ်၊ အဲ့ဒီအပေါ်မူတည်ပြီး ယာဉ်မတော်တဆ မကြာခဏ ဖြစ်ပွားတတ်သည့် နေရာများ Black Spots သတ်မှတ်လိုက်တယ်၊ ဒီနေရာတွေမှာ ဘာ့ကြောင့်ဖြစ်သလဲ အဖြေရှာမှာပေါ့လေ၊ အခုတော့ အဲ့ဒီနေရာမှာ ၀န်ထမ်းတွေချပြီး ယာဉ်မတော်တဆမှု အဖြစ်များတဲ့အချိန် စောင့်ကြည့်တာလုပ်နေတယ်။” ၁၂၅ မိုင်နဲ့ ၁၂၆ မိုင်ကြားမှာ မွန်းလွဲပိုင်း ၁ နာရီနဲ့ ၄ နာရီကြား ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားပြီး ဖြစ်ပွားခဲ့သမျှလည်း ကား မတော်တဆမှုချည်းဖြစ်ပါတယ်။ တခါ ရန်ကုန်ဘက်က အလာ အသွားလမ်းမှာ ယာဉ်မတော်တဆမှုဖြစ်တာ အများဆုံးလို့လည်း ဆိုပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ထိန်းသိန်းပြုပြင်ရေး ရေရှည်စီမံကိန်းချ လုပ်ဆောင်သွားမှာတွေနဲ့ ပတ်သက်လို့ ဧပြီလကုန်ပိုင်း တရားဝင်ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။ ရန်ကုန်- မန္တလေး – နေပြည်တော်အမြန်လမ်းကြီးပေါ်မှာ မကြာခဏဆိုသလို ယာဉ်တိုက်မှုတွေ ဖြစ်ပွားလေ့ရှိတာဖြစ်ပြီး စတင်ဖွင့်လှစ်တဲ့ ၂၀၀၉ ခုနှစ် မတ်လက စပြီး ၂၀၁၄ ဧပြီလထိ ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော်ဖြစ်ပွားပြီး သေဆုံးသူ ၃၈၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀၀ ကျော်ရှိတယ်လို့ အစိုးရ တရားဝင် ထုတ်ပြန်ချက်အရသိရပါတယ်။
6 years Ago
Up