ပေါ်တူဂီနိုင်ငံမှ နတ်ဆုအမည်ရတဲ့ ခွေးကလေးဟာ မယုံနိုင်စရာကောင်းလောက်အောင် အလျားခုန်၊ အမြင့်ခုန်ချန်ပီယံစွမ်းရည် ပြနိုင်တဲ့ ခွေးကလေးတကောင်ပါ။
လာမယ့် ၂၀၁၆ ခုနှစ်မှာ ရီယိုဒီဂျနေရိုး အိုလံပစ် အရည်အချင်းစစ် ပြိုင်ပွဲအတွက် သူဟာ နောက်ကျလွန်းနေပြီလား။
လက်ရှိမှာတော့ နတ်ဆုဟာ ပေါ်တူဂီနိုင်ငံမှာ ခွေးကလေးတွေအတွက် အလျားခုန်၊ အမြင့်ခုန်၊ အလွတ်ခုန် စတဲ့စွမ်းရည်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ ပြေးခုန်ပစ် အသင်းတသင်းမှာ သင်ကြားနေတာပါ။
နတ်ဆုဟာ ၂၀၁၅ ခုနှစ် ပေါ်တူဂီ ပြည်တွင်းစွမ်းရည်ပြပြိုင်ပွဲ ချန်ပီယံဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ ပရိသတ် ၃၀၀၀ နီးပါး ရှိနေခဲ့တာပါ။
ဗြိတိန်အခြေစိုက် ဒေးလီးမေးလ်သတင်းမှာ ဖော်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ သူ့ရဲ့ စွမ်းရည်ပြသမှုတွေကို တွေ့ရမှာပါ။
သူဟာ လေ့ကျင့်ရေးကွင်းထဲမှာ ပြေးလမ်းတလျှောက် ပြေးလာခဲ့ပြီး ကြားခံဘုတ်ပြားတခုပေါ် ခုန်တက်လိုက်ပြီးနောက် ဘေးကအတူပြေးလာတဲ့ သင်တန်းနည်းပြဆီက ဝှေ့ရမ်းလာတဲ့ ရာဘာကွင်းဆီ ရောက်ဖို့ လေထဲပြေးခုန်ခဲ့တာကို အံ့သြဖွယ် တွေ့ရပါတယ်။
ပေါ်တူဂီနိုင်ငံမှာ ခွေးကလေးတွေကို ခုလို လေ့ကျင့်သင်ကြားပေးတာတွေကို အထီး အမ၊ အရွယ်အစား သတ်မှတ်ကာ ပြုလုပ်နေတာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
5 years Ago