အမြင့်ဘောကစားသည့် အဲဗာတန်ကြောင့် ဖယ်လိုင်နီကို လူစားလဲခြင်းဖြစ်ဟု မော်ရင်ဟို ပြော

December 6, 2016

အမြင့်ဘောကစားသည့် အဲဗာတန်ကြောင့် ဖယ်လိုင်နီကို လူစားလဲခြင်းဖြစ်ဟု မော်ရင်ဟို ပြော

အမြင့်ဘောကစားတဲ့ အဲဗာတန်အသင်းရဲ့ ကစားပုံကြောင့် ဖယ်လိုင်နီကို လူစားလဲ ကစားစေခဲ့တယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ အဲဗာတန်အသင်းနဲ့ပွဲမှာ ၁ ဂိုးအသာနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ လူစားဝင်ကစားသမား ဖယ်လိုင်နီရဲ့ ဖျက်ထုတ်မှုကြောင့် အဲဗာတန်အသင်းဘက်ကို ပင်နယ်တီပေးခဲ့ရပြီး သရေ ၁ မှတ်ပဲ ရခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ အမြင့်ဘောကစားတဲ့အသင်းဖြစ်ပြီး ဂိုးသမားကနေ တိုက်စစ်အထိ တိုက်ရိုက်ဘောလုံးပေးပို့ ကစားနေတာကြောင့် အရပ်အမောင်းမြင့်မားတဲ့ ဖယ်လိုင်နီကို ထည့်ပြီး အဲဗာတန်အသင်းရဲ့ တိုက်စစ်ကို ဟန့်တားစေခဲ့တာဖြစ်တယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ အမြင့်ဘောကစားတဲ့အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ အရန်ခုံမှာ အရပ်ရှည်တဲ့ကစားသမား ရှိမယ်ဆိုရင် အသင်းအနိုင်ရဖို့အတွက် ဘယ်နည်းပြမဆို အရပ်ရှည်တဲ့ကစားသမားကို ထည့်သွင်းအသုံးပြုမှာ ဖြစ်တယ်လို့လည်း မော်ရင်ဟိုက ပြောပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂၁ မှတ်သာ ရရှိထားတဲ့အတွက် အမှတ်ပေးဇယား အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up