အဖြူရောင်ဆင်

May 7, 2019

ထိုင်းဘုရင်ကို ဂုဏ်ပြုသည့်အနေဖြင့် အဖြူရောင်ခြယ်ထားသည့် ဆင် ၁၀ ကောင် နန်းတော်အနီး လှည့်လည်

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ သီတင်းပတ်ကုန်ရက်က တရားဝင် နန်းတက်ခဲ့တဲ့ ဘုရင် မဟာဝဇီရာ လောင်ကွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ အဖြူရောင်ခြယ်ထားတဲ့ ဆင် ၁၀ ကောင်က တော်ဝင်နန်းတော်အနီးမှာ မေလ ၇ ရက်က စီတန်း လှည့်လည်ခဲ့ပါတယ်။ ရှေးဟောင်းမြို့တော် အယုဒ္ဓယက ဆင်တွေနဲ့ ဆင်ထိန်းတွေဟာ ဘုရင့်ရုပ်ပုံရှေ့မှာ ရပ်ပြီး မြေပေါ် ဒူးထောက်ခဲ့ကြတာပါ။ ဆင်တွေဟာ ထီးနန်းရဲ့ သင်္ကေတလို့ ပြောရင်း ပွဲကြည့်ပရိသတ်တွေက ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပါတယ်။ ရာသီဥတုပူပြင်းပြီး မြို့ထဲမှာ လူတွေကြပ်သိပ်နေပေမယ့် ဆင်တွေက တည်တည်ငြိမ်ငြိမ် ရှိနေလို့ ဝမ်းသာရတယ်လို့ အယုဒ္ဓယ ဆင်စခန်းအကြီးအကဲက ပြောပါတယ်။ တိုင်းပြည်ကို နှစ် ၇၀ အုပ်စိုးပြီး ၂၀၁၆ အောက်တိုဘာမှာ နတ်ရွာစံခဲ့တဲ့ ခမည်းတော် ဘုရင်အတွက် တနှစ်ကျော်ကြာ ဝမ်းနည်းခြင်းကာလ အပြီးမှာ နန်းတက်ပွဲကို ၃ ရက်ကြာ ကျင်းပခဲ့တာပါ။ ဘုရင်နန်းတက်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ မေလ ၆ ရက် ညမှာတော့ ဘန်ကောက်မြို့ ကောင်းကင်မှာ ဒရုန်းယာဉ် အစီး ၃၀၀ ကျော် ပျံတက်ခဲ့ကြပါတယ်။ ဘုရင် သက်တော်ရှည်ပါစေ၊ ချက်ကရီမင်းဆက်ဆိုတဲ့ စာတမ်းတွေနဲ့ ထိုင်းအက္ခရာ တဆယ်ကို ဒရုန်းယာဉ်တွေက ကောင်းကင်မှာ ပုံဖော်ခဲ့ပါတယ်။ ဘုရင် မဟာ ဝဇီရာ လောင်ကွန်းဟာ ချက်ကရီမင်းဆက်ရဲ့ ဆယ်ဆက်မြောက် ရာမဘုရင် ဖြစ်ပါတယ်။ မေလ ၄ ရက်နေ့က ဘုရင်သရဖူကို တရားဝင်ဆောင်းခဲ့တဲ့ ဘုရင်ဟာ တရားနည်းလမ်းတကျ အုပ်ချုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ သက်ဦးဆံပိုင် ဘုရင်စနစ်ဟာ ၁၉၃၂ ခုနှစ်မှာ အဆုံးသတ်ခဲ့တာပါ။ ဒါပေမယ့် စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးပြီး နိုင်ငံနဲ့ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်တဲ့ သင်္ကေတအဖြစ် ပြည်သူတွေက တော်ဝင်မိသားစုကို ဆည်းကပ် ကိုးကွယ်ကြပါတယ်။
2 years Ago
Up