အပြင်းထန်ဝေဖန်

March 23, 2017

လန်ဒန်တိုက်ခိုက်မှု ရိုင်းစိုင်းသည့်လုပ်ရပ်ဖြစ်ကြောင်း တောင်ကိုရီးယား အပြင်းထန်ဝေဖန်

လူ ၅ ဦးသေဆုံးခဲ့တဲ့ လန်ဒန်မြို့တိုက်ခိုက်မှုဟာ ရိုင်းစိုင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက မတ် ၂၃ ရက်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။ တိုက်ခိုက်မှုကြောင့် လူ ၄၀ ခန့် ဒဏ်ရာရခဲ့ပြီး အဲဒီအထဲမှာ တောင်ကိုရီးယားနိုင်ငံသား ၅ ဦး ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က “မတ် ၂၂ ရက်နေ့က လန်ဒန်မြို့ အောက်လွှတ်တော်အဆောက်အဦအနီး သွားလာနေတဲ့ အပြစ်မဲ့အရပ်သား တွေအပေါ် တိုက်ခိုက်တဲ့ ရိုင်းစိုင်းတဲ့လုပ်ရပ်ကို ကျနော်တို့ အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒီနောက်ဆက်ပြီး “အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် ဘယ်တော့မှအရှုံးမပေးတဲ့ ၀န်ကြီးချုပ် ထရီဆာမေရဲ့ ရပ်တည်ချက်ကို ကျနော်တို့ နက်နက်ရှိုင်းရှိုင်း လေးစားပါတယ်။ အကြမ်းဖက်သမားတွေကို ချေမှုန်းရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ သွေးစည်းညီညွတ်မှုကို ကျနော်တို့ ပူးပေါင်း ကူညီသွားပါ့မယ်” လို့ ကတိပေးသွားပါတယ်။ မတ်လ ၂၂ ရက် မွန်းလွဲပိုင်းက လန်ဒန်မြို့ လွှတ်တော်အဆောက်အဦအနီး ၀က်စ်မင်စတာတံတားပေါ် သွားလာနေတဲ့ လူအုပ်ထဲကို အကြမ်းဖက်သမားတဦးက ကားနဲ့ ဒလကြမ်းဝင်တိုက်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက် အကြမ်းဖက်သမားဟာ လွှတ်တော်အနီး တာဝန်ထမ်းနေတဲ့ ရဲအရာရှိကို ဓားနဲ့ထိုးတိုက်ခိုက်ခဲ့တာကြောင့် အဲဒီရဲအရာရှိ သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ၂၀၀၅ ဇူလိုင်လ ၇ ရက်နေ့က လူ ၅၂ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး လန်ဒန်မြို့မှာ အကြီးမားဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့ဟာ လန်ဒန်မြို့ ၀က်စ်မင်စတာ တံတားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ အတော်များများကို ဖမ်းဆီးလိုက်ကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Sky News ရုပ်သံဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဘာမင်ဟန်အရပ်ရှိ နေအိမ်တလုံးကို ၀င်ရောက်စီးနင်းပြီးတဲ့နောက် လူအတော်အများများကို ဖမ်းဆီးခဲ့တာဖြစ်ပေမယ့်  သူတို့ ဘယ်သူတွေလည်း ဘယ်နှစ်ယောက်ဖမ်းထားသလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။
5 years Ago
Up