အငြင်းပွားကျွန်းအနီး အမေရိကန်ဖျက်သင်္ဘော သွားလာမှု တရုတ် ပြင်းပြင်းထန်ထန် ကန့်ကွက်

October 12, 2017

အငြင်းပွားကျွန်းအနီး အမေရိကန်ဖျက်သင်္ဘော သွားလာမှု တရုတ် ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန် ဖျက်သင်္ဘောတစင်းဟာ အောက်တိုဘာ ၁၀ ရက်က တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတချို့ကြား ပိုင်နက်အငြင်းပွားနေတဲ့ ကျွန်းအနီးကနေ ခုတ်မောင်းသွားလာခဲ့တဲ့ကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်လို့ တရုတ်အစိုးရက ပြောကြားသွားပါတယ်။ “အမေရိကန်ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်။ တရုတ်အစိုးရအနေနဲ့ တရုတ်ရဲ့ ပိုင်နက်နယ်မြေနဲ့ ရေကြောင်းအကျိုးစီးပွားကို ကာကွယ်သွားဖို့ ခိုင်မာတဲ့ အစီအမံတွေ ဆက်လက်လုပ်ဆောင်သွားမယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဟွာချန်ရင်းက ပြောပါတယ်။ အမေရိကန်အနေနဲ့ တရုတ်ရဲ့ အချုပ်အခြာနယ်မြေနဲ့ လုံခြုံရေး အကျိုးစီးပွားကို အသိရှိရှိလေးစားဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။ "တောင်တရုတ်ပင်လယ်တွင်း တည်ငြိမ် ငြိမ်းချမ်းရေးအတွက် ဒေသတွင်းနိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို လေးစားဖို့၊ အခုလိုအမှားမျိုး လုပ်နေတာကို ရပ်တန့်ဖို့ တရုတ်အစိုးရအနေနဲ့ တိုက်တွန်းပါတယ်” လို့ ဟွာချန်ရင်းက ပြောကြားသွားပါတယ်။
4 years Ago
Up