အဲ့စ်ထရာဇေနေကာ

December 13, 2020

ကိုဗစ်ကာကွယ်ဆေးများ သုံးစွဲနိုင်ရေး သီတင်းပတ်များအတွင်း ဆုံးဖြတ်ပေးရန် WHO မျှော်မှန်း

ဖိုက်ဇာ၊ မိုဒါနာနဲ့ အဲ့စ်ထရာဇေနေကာကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတွေကို အရေးပေါ် သုံးစွဲနိုင်ရေး အတည်ပြုပေးမလားဆိုတာ လာမယ့် သီတင်းပတ်တွေအတွင်း ဆုံးဖြတ်ပေးဖို့ မျှော်လင့်ထားတယ်လို့ WHO ရဲ့ သိပ္ပံပညာရှင်အဖွဲ့ အကြီးအကဲ ဆောင်မြာဆွာမိနာသန်က ပြောလိုက်ပါတယ်။ ဖိုက်ဇာကုမ္ပဏီထုတ် ကာကွယ်ဆေးအတွက် ဆုံးဖြတ်ချက်က နှစ်ပတ်အတွင်း ကျနိုင်ပြီး မိုဒါနာနဲ့ အဲ့စ်ထရာဇေနေကာ ကုမ္ပဏီထုတ် ကာကွယ်ဆေးတွေကို သီတင်းပတ်အနည်းငယ်အတွင်း သုံးသပ်ဆုံးဖြတ်နိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေးတွေ ပံ့ပိုးမယ့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ ပါဝင်မယ့် ကိုဗက်စ် အစီအစဉ်အတွက် ကာကွယ်ဆေး ထိုးဆေး ၁ ဘီလီယံနီးပါး ရထားတာ သေချာပြီလို့ WHO ရဲ့ ညွှန်ချုပ် တေဒရော့စ် အဒါနွန် ဂေဘရီယေးဆပ်စ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။ ကာကွယ်ဆေးတွေ ရောက်လာတာဟာ အကြီးစားတိုးတက်မှုလို့ WHO အရာရှိတွေက ရည်ညွှန်းပြောဆိုပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးတွေကို ကမ္ဘာအနှံ့ ဖြန့်နိုင်ဖို့ အချိန်ကြာကြာ လိုလိမ့်မယ်လို့ အလေးထား ပြောပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားမှာတော့ ကူးစက်မှု ပိုဆိုးလာနေပါတယ်။ နိုင်ငံတွေဟာ လူချင်းခွာနေဖို့၊ သံသယရှိသူတွေကို သီးခြားခွဲထားဖို့၊ အနီးကပ် ထိတွေ့သူတွေကို ခြေရာခံဖို့နဲ့ စမ်းသပ်ဖို့ စတဲ့ ကူးစက်မှု ထိန်းချုပ်ရေး ခြေလှမ်းတွေကို ဆက်လှမ်းနေရဦးမှာ ဖြစ်ပါတယ်။ WHO အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်မှူး မိုက်ရိုင်ယန်က “ကာကွယ်ရေးဟာ ဥမင်လိုဏ်ခေါင်း တဖက်စွန်းက အကြီးစား အလင်းရောင်ပါ။ ဒါပေမဲ့ ကျနော်တို့က လက်တွေ့ သွားဖို့ အများကြီး လုပ်ရပါလိမ့်မယ်” လို့ ပြောပါတယ်။
1 year Ago
Up