ဥရောပရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ရုရှားနိုင်ငံက အဲလ်ဘတ်စ်တောင်မှာ စက်တင်ဘာ ၂၄ ရက်က ရုတ်တရက် နှင်းမုန်တိုင်းတိုက်ပြီးနောက် တောင်တက်သမား ၅ ဦး သေဆုံးခဲ့ကာ တခြားတောင်တက်အဖွဲ့ဝင် ၁၄ ဦး ကို ကယ်တင်နိုင်ခဲ့တယ်လို့ ရုရှားအရေးပေါ်၀န်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။
အနုတ် -၂၀ စင်တီဂရိတ် အပူချိန်ရှိနေတဲ့ ကော့ကေးဆပ်တောင်တန်းတွေရဲ့ အထွတ်အထိပ်မှာ လေတိုက်နှုန်းမြင့်ပြီး မြင်နိုင်စွမ်းနိမ့်ကျနေတယ်လို့ ဒေသတွင်းအရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။
ရုရှား တောင်တက်သမားအုပ်စုဟာ စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီနောက်ပိုင်းမှာ အသက်အန္တရာယ်ရှိနေကြောင်း အချက်ပြတဲ့ ဖုန်းခေါ်ဆိုခဲ့တယ်လို့ ၀န်ကြီးဌာနက ပြောကြားပါတယ်။
အသက်ရှင်ကျန်ရစ်သူ ၁၁ ဦး ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးကတော့ ဖျားနာပြီး တောင်တက်ဖို့ စီစဉ်ရာမှာ ကူညီပေးခဲ့တဲ့ လမ်းပြတစ်ယောက်ရဲ့ လက်ထဲမှာ သေဆုံးသွားတယ်လို့ TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
တခြားတောင်တက်သမားတစ်ယောက်လည်း ဆင်းလာချိန်မှာ သူ့ခြေထောက်ကျိုးသွားလို့ အဖွဲ့ကနေ ဘယ်သူတွေ အမြန်ဆုံး သွားနိုင်တယ်ဆိုတဲ့အပေါ် မူတည်ပြီး အုပ်စု ၃ စုခွဲပြီးသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ လမ်းပြ အလီမို့ဗ်က ပြောပါတယ်။
သူတို့ဆင်းလာတဲ့အခါ အုပ်စုတစ်ခုထဲက နောက်ထပ်လူနှစ်ဦး သေဆုံးသွားတယ်။ ဒါပေမဲ့ အဖွဲ့ခွဲပြီးသွားဖို့ ဆုံးဖြတ်ချက်က မှန်ကန်တယ်၊ မဟုတ်ရင် အသေအပျောက် ပိုများလာနိုင်တယ်လို့လည်း ဆိုပါတယ်။
တောင်တက်အဖွဲ့ရဲ့လမ်းပြတွေလည်း နှင်းကိုက်တာနဲ့ တခြားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အလီမို့ဗ်က ပြောကြားခဲ့ပါတယ်။
ဂျော်ဂျီယာနဲ့ထိစပ်နေတဲ့ နယ်နိမိတ်မြောက်ဘက်မှာ ၅,၆၄၂ မီတာ (၁၈,၅၁၀ ပေ) အထိ မြင့်တဲ့ အဲလ်ဘတ်စ်တောင်ဟာ ရာသီဥတုနဲ့တောင်တက်အခြေအနေတွေ ရုတ်တရက်အပြောင်းအလဲ ဖြစ်တတ်တယ်လို့ နာမည်ဆိုးရှိထားပါတယ်။