အကြွေးကိစ္စကြောင့်

October 13, 2017

အကြွေးကိစ္စကြောင့် ရှမ်းပြည်နယ် လွှတ်တော်ဝန်ထမ်းအချင်းချင်း လူသတ်မှုဖြစ်ပွား

အကြွေး ၁၄ သိန်းပေးစရာရှိတဲ့အတွက် ရှမ်းပြည်နယ်လွှတ်တော် ဝန်ထမ်းအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ရှမ်းပြည်နယ်လွှတ်တော်ရုံး  အကြီးတန်းစာရေး သေဆုံးသူ စိုးမင်းအောင် ပျောက်ဆုံးနေကြောင်း အောက်တိုဘာ ၁၀ ရက်နေ့မှာ မိသားစုက လူပျောက်တိုင်ကြားရာ အောက်တိုဘာ ၁၂ ရက်မှာ တောင်ကြီးမြို့အထွက် ရွှေဘုန်းပွင့် အတက်လမ်း တောင်ကြီးဆေးတက္ကသိုလ် လမ်းကြားမှာ ဓားဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိတာဖြစ်ပါတယ်။ “လူပျောက်အမှုနဲ့ လာရောက်တိုင်ကြားတာ စုံစမ်းရင်းနဲ့ မနေ့က ဆေးတက္ကသိုလ် အိမ်ရာလုံခြုံရေးက ဆိုင်ကယ်နဲ့လူတဦး လဲနေတာကို အကြောင်းကြားလာတော့ သွားရောက်စစ်ဆေးရာမှာ တောထဲမှာ ဓားဒဏ်ရာနဲ့ သေဆုံးတာကို တွေ့တယ်၊ မသင်္ကာသူ ရှမ်းပြည်နယ်လွှတ်တော်ရုံး အငယ်တန်းစာရေး ကိုညီညီထွန်းက သေဆုံးသူ စိုးမင်းအောင်ကို အကြွေး ၁၄ သိန်းပေးဖို့လိုတဲ့အတွက် အခင်းဖြစ်တဲ့နေရာမှာ ချိန်းဆိုပြီး ပြစ်မှုကျူးလွန်ကြောင်း ရဲစစ်ဆေးချက်အရ သိရပါတယ်။ သေဆုံးသူ စိုးမင်းအောင်ဟာ ယာပါး ဓားဒဏ်ရာ ၁ ချက်၊ ယာနားထင် ဓားဒဏ်ရာ ၁ ချက်၊ နောက်ကျော ဓားဒဏ်ရာ ၆ ချက်နဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။ တောင်ကြီးမြို့မ ရဲစခန်းက တရားခံ ညီညီထွန်းကို ရာဇာသတ်ကြီး ပုဒ်မ-၃၀၂ နဲ့  အမှုဖွင့် အရေးယူထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ခွန်ရာဇာ ဓာတ်ပုံ-ရှမ်းပြည်နယ်ရဲတပ်ဖွဲ့
4 years Ago
Up