အကြောသေဝေဒနာသည်

A d v e r t i s e m e n t With Us

May 22, 2019

ပြင်သစ်တွင် ဆယ်နှစ်ကျော် အကြောသေဝေဒနာ ခံစားနေရသူကို ဆေးပြန်ကုပေးရန် တရားရုံး အမိန့်ထုတ်

ပြင်သစ်နိုင်ငံမှာ ဆယ်နှစ်ကျော်ကြာ တကိုယ်လုံး အကြောသေဝေဒနာ ခံစားနေရတဲ့ ဗင်းဆင့်လမ်းဘတ်ကို ပုံမှန်အတိုင်း ဆေးပြန်ကုပေးဖို့ ဆရာဝန်တွေကို ပြင်သစ်တရားရုံးတခုက အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဘီဘီစီသတင်းဌာနမှာ ဖော်ပြပါတယ်။ စိတ်ရောဂါဆိုင်ရာ သူနာပြုဟောင်းတယောက်ဖြစ်တဲ့ လမ်းဘတ်ဟာ ၂၀၀၈ ခုနှစ်က ဆိုင်ကယ်မတော်တဆမှုကြောင့် ဆယ်နှစ်ကျော်ကြာ တကိုယ်လုံး အကြောသေဝေဒနာ ခံစားနေရတာပါ။ သူဟာ တကိုယ်လုံး မလှုပ်နိုင်တော့ပေမယ့် အသက်ရှူစက်မလိုဘဲ သူ့ဘာသာသူ အသက်ရှူနိုင်ပြီး တခါတလေ မျက်လုံးတွေလည်း လှုပ်ပါတယ်။ မေလ ၂၀ ရက်နေ့မှာ လမ်းဘတ်ကို ကုပေးနေတဲ့ ဆရာဝန်တွေက သူ့ကို ဆေးကုတာ ရပ်လိုက်ပါတယ်။ လမ်းဘတ်ရဲ့ဇနီး ရေချယ် အပါအဝင် သူ့ရဲ့ မွေးချင်းမောင်နှမတွေက လမ်းဘတ်အနေနဲ့ ဆေးကုတာကို ရပ်လိုက်ပြီး အေးအေးချမ်းချမ်း အသက်သေဆုံးခွင့် ပြုလိုက်ဖို့ သဘောတူ လက်ခံခဲ့ကြတာပါ။ ဒါပေမယ့် လမ်းဘတ်ရဲ့ မိဘတွေကတော့ သူတို့ရဲ့သားကို အသက်ဆက်ရှင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အသက် ၄၂ နှစ်အရွယ် လမ်းဘတ်ရဲ့ဖြစ်ရပ်ကြောင့် လူတိုင်းမှာ ကိုယ်သေဖို့ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လမ်းဘတ်ရဲ့ဇနီး ရေချယ်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးကို တင်ပြထားပြီး လမ်းဘတ်ရဲ့မိဘတွေကတော့ သားဖြစ်သူကို အသက်ဆက်ရှင်အောင် ဆက်ကုသဖို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းဆီကို တောင်းဆိုထားကြပါတယ်။ ဆေးကုသလို့ မရလောက်အောင် ရောဂါပြင်းထန်နေသူတွေကို သူတို့ရဲ့ တောင်းဆိုချက်အရ ညင်ညင်သာသာ အသက်သေဆုံးအောင် လုပ်ပေးတာကို ပြင်သစ်နိုင်ငံမှာ တရားဝင် ခွင့်ပြုပေးထားပါတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ဆရာဝန်တွေအနေနဲ့ နောက်ဆုံးအဆင့် လူနာတွေကို သေဆုံးတဲ့အထိ စိတ်ငြိမ်ဆေးပေးထားဖို့ အခွင့်အရေးရှိတဲ့ ဥပဒေတခုကို မိတ်ဆက်ခဲ့ပါတယ်။
2 years Ago
Up