ထိုင်းမြန်မာ နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရ နယ်စပ်ဂိတ်ဖြတ်ကျော်ပြီး ၇ ရက်မှ ၁၄ ရက်ထိ နေထိုင်လည်ပတ်ခွင့်ပြုလိုက်ပြီးတဲ့နောက် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ကို မြန်မာလူကုံထံ ( High Sociaty ) တွေ အမြောက်အမြား လာရောက်လည်ပတ်ကြတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြ ပါတယ်။
ခုရက်ပိုင်းအတွင်း မဲဆောက်မှာရှိတဲ့ မက်ခရို၊ လိုတတ်စ်၊ ရော်ဘင်ဆန် အစရှိတဲ့ ကုန်တိုက်ကြီးတွေမှာရော၊ နရေးဆွန် (ဗြနရာဇ်) ဘုရင်ရုပ်တုပန်းခြံအပြင် အခြားလည်ပတ်စရာ ဥယာဉ်ပန်းခြံမှာ မြန်မာတွေ စည်ကားနေသလို ကျောင်းကန်စေတီတွေမှာလည်း ဘုရားဖူးတွေနဲ့ ပြည့်နေတယ်လို့ နယ်မြေထဲကွင်းဆင်းသတင်းယူတဲ့ ထိုင်းရတ်သတင်းထောက်က ပြောပါတယ်။
အခုလို နယ်စပ်လည်ပတ်ခွင့် တိုးမြှင့်လိုက်တာဟာ အလုပ်သမားတွေအတွက်ရော၊ ကုန်သည်နဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက်ပါ အဆင်ပြေအောင် စီစဉ်ပေးတာဖြစ်ပြီး နှစ်နိုင်ငံခရီးသွား လုပ်ငန်းတိုးမြှင့်ရေးလည်းဖြစ်တယ်လို့ တာ့ခ်ခရိုင်ဝန် နိုင်းကျလွန်းရစ် ဆငွန်ဆဒ်က သတင်းထောက်ကို ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ခွင့်တိုးလိုက်ခြင်းအားဖြင့် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိလာနိုင်ပေမယ့် ကောင်းကျိုးတွေက ပိုများမှာဖြစ်ကြောင်း ခရိုင်ဝန်က ဖြည့်စွက်ပြောသွားပါတယ်။
မြန်မာဘက်ခြမ်းက ၀င်လာတဲ့ သူတွေအနေနဲ့ တာ့ခ်ခရိုင်ရှိ မဲဆောက်၊ မယ်လမတ်နဲ့ ဖုတ်ဖရ စတဲ့ ၃ မြို့နယ်ထဲမှာ ၇ ရက်မှ ၁၄ ရက်ထိ နေထိုင်လည်ပတ်ခွင့်ရှိပြီ ဖြစ်ပါတယ်။
ဒီသတ်မှတ်ချက်ကို ဒီအောက်တိုဘာလဆန်း ၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး လူဆိုရင် ၁၄ ရက်ထိ ညအိပ်ညနေ တည်းခိုလို့ရပေမယ့် မော်တော်ကားတွေကတော့ ညအိပ်ညနေမရဘဲ နေ့ချင်းပြန်သာ ၀င်လာခွင့်ရှိပါတယ်။
6 years Ago