အခြေခံမဲစာရင်း ပြည့်စုံမှန်ကန်ရေး ၀ိုင်းကူညီရန် ကော်မရှင်နှိုးဆော်

June 20, 2015

မဲစာရင်း ပြည့်စုံမှန်ကန်ရေး ၀ိုင်းကူကြရန် ကော်မရှင်ပြော

အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ၀ိုင်းဝန်းကူညီကြဖို့နဲ့ အပြုသဘောနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို ကြိုဆိုတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ကော်မရှင်ရဲ့ ဇွန် ၁၉ ရက် ကြေညာချက်မှာ မဲစာရင်းပြည့်စုံမှန်ကန်ဖို့ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် မဲဆန္ဒရှင်များက ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးကြပါလို့ ဖော်ပြထားပါတယ်။ ကော်မရှင်အနေနဲ့ အခြေခံမဲစာရင်းပြုစုခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၁၅ ခုနှစ် ဇွန်လအထိ လုပ်ဆောင်ခဲ့ပြီး ရရှိတဲ့မဲစာရင်းတွေကို ၂၀၁၅ ခုနှစ် ဧပြီလမှ ဇွန်လအထိ အဆင့် ၄ ဆင့်နဲ့ ကပ်ထားကြေညာပေးနေတယ်လို့ ဆိုပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှာ မိမိနာမည် ပါ မပါ သွားရောက်ကြည့်ရှုပြီး မပါရင် နာမည်ထည့်ပေးဖို့ တောင်းဆိုခြင်း၊ အချက်အလက်မှားနေရင် ပြင်ပေးဖို့ ကန့်ကွက်ခြင်းတွေ လုပ်ရမယ်၊ ဒါမှ ဆန္ဒမဲစာရင်းအမှန် ရနိုင်မယ်လို့ ကော်မရှင်ကြေညာချက်ထဲ ဖော်ပြထားပါတယ်။ မဲစာရင်းကပ်ထားတာနဲ့ မဲစာရင်းကပ်ထားတာကို လာကြည့်ကြဖို့ လေ့လာပညာပေးနေတဲ့ (TSI-The Serenity Initiative) အဖွဲ့က မစုပုံချစ်ကတော့ အခြေခံမဲစာရင်းမှားနေတာတွေ တွေ့ရသလို မဲစာရင်းသွားကြည့်ဖို့ စိတ်မ၀င်စားသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။ “မှားနေတာတွေ တွေ့တယ်၊ သူက အခြေခံမဲစာရင်း ဖြစ်တာကိုး၊ တိကျတဲ့ မဲစာရင်းတွေတော့ ထွက်မလာသေးဘူး၊ မှားတဲ့အချက်တွေရှိတယ်။ နာမည် မှားတာတို့ အချက်အလက်မှားတာ တို့၊ ဒါပေမယ့် တချို့ဟာတွေကျတော့ ကွန်ပျုတာ မှားရိုက်တာလည်း ရှိပါတယ်။ မဲစာရင်း သွားကြည့်ဖို့တော့ အများကြီး နှိုးဆော်ပေးရမယ်။ တချို့ပြည်သူတွေက သွားကြည့်ဖို့ မလိုဘူးဆိုပြီး စိတ်မ၀င်စားကြဘူး။” ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းဖြစ်ဖို့ တော်တော်ကို လိုအပ်နေသေးတယ်လို့လည်း ပြောပါတယ်။ အိမ်ထောင်စုဇယားကို အခြေခံပြီး ကောက်ယူထားတဲ့ မဲစာရင်းဖြစ်တာကြောင့် တနယ်တကျေးမှာ ဧည့်စာရင်းနဲ့ သွားရောက်အလုပ်လုပ်သူတွေ မဲပေးဖို့ကိစ္စတွေမှာ ပြည်သူတွေသိအောင် ပညာပေးလုပ်ငန်းတွေ အများကြီး ဆက်လုပ်ဖို့ ရှိနေသေးတယ်လို့ မဲစာရင်းပညာပေးအဖွဲ့တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကော်မရှင်ထံပေး ပို့တဲ့စာမှာလည်း ရန်ကုန်တိုင်းအတွင်း မဲစာရင်းတွေ ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ မှားယွင်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကော်မရှင်အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို  ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ လူဦးရေ အခြေပြ စာရင်း၊ သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရုံးရှိ အိမ်ထောင်စု စာရင်းပုံစံ (၆၆/၆) တို့မှ အသက် ၁၈ နှစ်ပြည့်သူများအား ကူးယူပြုစုထားတယ်လို့ သိရပါတယ်။ လာမယ့် ဇွန်လ ၂၂ ရက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ခရိုင်များမှာ မဲစာရင်းတွေကို  ၂ဝ၁၅ ခုနှစ်၊ ဇွန် ၂၂ ရက်မှ ဇူလိုင် ၅ ရက်ထိ ၁၄ ရက်တိုင်တိုင် ကပ်ထား ပေးမယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
6 years Ago

June 9, 2015

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ မြန်မာသံရုံးတွင် ကြိုတင်မဲပေးနိုင်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ လာမယ့် နိုဝင်ဘာလ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲ ထည့်လိုတယ်ဆိုရင် မိမိနိုင်ငံ ပြန်စရာမလိုဘဲ သံရုံးမှာ လာရောက်မဲပေးနိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။ မိမိနှစ်သက်ရာပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆန္ဒမဲပေးနိုင်ဖို့ အရင်ဆုံး မိမိနေထိုင်တဲ့ မြို့၊ ရွာနဲ့ ရပ်ကွက်ထဲမှာ မဲပေးပိုင်ခွင့် အမည်စာရင်းပေါက်အောင် ဆောင်ရွက်ထားရမှာဖြစ်ပြီး မြန်မာနိုင်ငံက ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေ ရှိရမယ်လို့ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ “ဆန္ဒမဲထည့်ဖို့ရာ အရင်ဆုံး မဲစာရင်းကို သူတို့နေတဲ့ ရပ်ကွက်ထဲမှာ သွားထည့်မှရမယ်။ ရပ်ကွက်ထဲမှာ မဲစာရင်းပါတယ်ဆိုရင်တော့ ဒီမှာ ကြိုတင်မဲ လာထည့်လို့ရတယ်။ မပါရင်တော့ ထည့်လို့မရဘူး။ ပြီးတော့ ထော်ရော် ၃၈ ခေါ်တဲ့ ထိုင်းမှာ နေထိုင်ခွင့်လက်မှတ် တခုတည်းရှိရုံနဲ့ မရဘူး။ နိုင်ငံကူးလက်မှတ် ရှိရမယ်၊ မဲစာရင်းထဲပါဖို့ လျှောက်လွှာပုံစံတွေ ကျနော်တို့ ထုတ်ထားပေးပါတယ်။ သံရုံးမှာ လာယူလို့ရတယ်။ သံရုံးမှာ လာမယူချင်လို့ ကိုယ့်ဘာကိုယ် အိမ်ပြန်လုပ်လည်း ရတယ်။ သံရုံးက လျှောက်လွှာဖြည့်ပြီး မြန်မာပြည်ကို စာတိုက်နဲ့ ပို့ချင်လည်း ပို့ပေါ့။ အရေးကြီးတာ မဲပေးပိုင်ခွင့်ရှိတဲ့ လူစာရင်းထဲမှာ ကိုယ့်နာမည် ပါနေဖို့ပဲ။” ဒါနဲ့ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက တွဲဘက်တာဝန်ခံ ကိုမိုးဝေကတော့ ဒီအစီအစဉ်ဟာ ကောင်းမွန်ပေမယ့် ထိုင်းနိုင်ငံ အနှံ့အပြားရှိ မြန်မာအလုပ်သမားတွေအားလုံး လာရောက်မဲပေးနိုင်မှာ မဟုတ်ဘဲ ဘန်ကောက် အနီးတ၀ိုက်က အလုပ်သမားတွေလောက်ပဲ ဆန္ဒမဲပေးနိုင်မယ်လို့ သုံးသပ်ပါတယ်။ “ဒီသတင်းအချက်အလက်ကို ကျနော်တို့ တရားဝင်မသိရသေးပါဘူး။ နှစ်ဆန်းပိုင်းက မြန်မာသံရုံးအဖွဲ့နဲ့ အစည်းအဝေးလုပ်တော့ အကြမ်းဖျဉ်း ပြောကြတာတော့ရှိတယ်။ ကျနော့်အထင်တော့ ဘန်ကောက်နဲ့ မဟာချိုင်မှာနေတဲ့ လူတွေလောက်ပဲ သွားလုပ်နိုင်လိမ့်မယ်။ ကျန်တဲ့ ခရိုင်တွေအတွက်က မလွယ်ဘူး။ ခရီးစရိတ်တွေလည်း ရှိနေတယ်လေ။ အလုပ်သမားတွေက နိုင်ငံရေးထက် ၀မ်းစာရေးကို ပိုဦးစားပေး ရုန်းကန်နေရတာက များတယ်။” မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက သံရုံးမှာသွားပြီး မဲမပေးနိုင်တဲ့အတွက် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီပြီး နိုင်ငံသား အခွင့်အရေးတရပ် ဆုံးရှုံးခဲ့ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ သံအမတ်ကြီးကတော့ သံရုံးမှာ လာရောက် ကြိုတင်မဲပေးနိုင်တာဟာ ရွှေ့ပြောင်းအလုပ်သမားတွေတင် မကဘဲ အခြားသော အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေသူတွေ၊ သံရုံးဝန်ထမ်းတွေနဲ့ ပညာတော်သင်တွေလည်း အကျုံးဝင်တယ်လို့ ပြောပါတယ်။
6 years Ago
Up