အော်စကာဆန်ခါတင်စာရင်း

January 15, 2020

အော်စကာဆန်ခါတင်စာရင်းတွင် တောင်ကိုရီးယား ရုပ်ရှင် "Parasite" ပါဝင်

ဇန်နဝါရီ ၁၃ ရက်က ကြေညာခဲ့တဲ့ အော်စကာ ဆန်ခါတင်ရုပ်ရှင်တွေထဲမှာ လူမှုရေး သရော်ထားတဲ့ တောင်ကိုရီးယား ရုပ်ရှင် "Parasite" က ပထမဆုံးအကြိမ်  ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယားက 'Honeyland,' အမည်ရှိ ရုပ်ရှင်ဟာ နိုင်ငံတကာနဲ့ မှတ်တမ်း ရုပ်ရှင်နှစ်ခုစလုံးအတွက် ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံရပါတယ်။ ဟာသရုပ်ရှင် "Joker" ဟာလည်း အကောင်းဆုံးရုပ်ရှင်နဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု အပါအဝင်  ဆန်ခါတင်ဆု ၁၁ ဆု စာရင်းဝင်နေပါတယ်။ အဲဒီရုပ်ရှင်ဟာ ပြိုင်ကားရုပ်ရှင် "Ford v Ferrari" ၊ နက်ဖလစ် ဂိုဏ်းစတားရုပ်ရှင် "The Irishman"၊ နာဇီသရော်ဇာတ်ကား "Jojo Rabbit" ၊ ဂန္ထဝင်ဝတ္ထုရှည် "Little Women"၊ အိမ်ထောင်ကွဲ ဒရမ်မာဇာတ်ကား "Marriage Story" ၊ ပထမကမ္ဘာစစ်နောက်ခံရုပ်ရှင် "1917" ၊ အတိတ်ဇာတ်လမ်း "Once Upon a Time in Hollywood" နဲ့ တောင်ကိုရီးယား ရုပ်ရှင် "Parasite" တို့နဲ့ ထိပ်တန်းဆုအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  တောင်ကိုရီးယား ရုပ်ရှင် ဒါရိုက်တာဘုန်ဂျွန်ဟိုက “ဒီရုပ်ရှင်က အားလုံးနဲ့ အကျွမ်းတဝင် ဖြစ်မယ်ထင်ပါတယ်။ ဘာလို့ဆိုတော့ လူတန်းစားခွဲခြားမှုက ကျနော်တို့ နေ့စဉ်ဘဝတွေမှာ အားလုံး ကြုံတွေ့နေရလို့ပါ။ လူချမ်းသာနဲ့ လူဆင်းရဲအကြောင်း ရိုက်တာက တကယ်တော့ အဆန်းမဟုတ်ပါဘူး။” လို့ ပြောပါတယ်။  "The Irishman" ၊  ယူနီဗာဆယ်ရုပ်ရှင်မှ "1917" နဲ့ ဆိုနီရုပ်ရှင်မှ ဒါရိုက်တာ Quentin Tarantino ရဲ့  "Once Upon a Time in Hollywood" ဇာတ်ကားတွေဟာ အော်စကာဆန်ခါတင် ၁၀ ဆု စာရင်းဝင် ထားပါတယ်။  "The Irishman" ၊  "Marriage Story" ၊ "The Two Popes" နဲ့ မှတ်တမ်းရုပ်ရှင် American Factory" တို့ အပါအဝင်  Netflix ရုပ်ရှင်က ဆန်ခါတင်ဆု ၂၄ ဆု ရရှိထားပါတယ်။ ရုပ်ရှင်လောကရဲ့ အမြင့်မားဆုံးထူးချွန်ဆု ဖြစ်တဲ့ အော်စကာဆုတွေကိုတော့ လာမယ့် ဖေဖော်ဝါရီ ၉ ရက်မှာ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ 
1 year Ago
Up