အော်စကာ

September 16, 2020

အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာရန် အော်စကာကို  လူးဝစ္စနှင့် ဝီလီယံ ဖိတ်ခေါ်

ဘရာဇီး အသင်းဖော်တွေဖြစ်တဲ့ ဒေးဗစ်လူးဝစ္စနဲ့ ဝီလီယံတို့က အာဆင်နယ်အသင်းမှာ လာကစားဖို့ သူ့ကို တိုက်တွန်းနေတယ်လို့ အော်စကာက ပြောပါတယ်။  လူးဝစ္စ၊ ဝီလီယံနဲ့ အော်စကာတို့ ၃ ဦးစလုံးဟာ ချဲလ်ဆီးအသင်းမှာ ကစားခဲ့ဖူးသူတွေပါ။ လက်ရှိအချိန်မှာ လူးဝစ္စနဲ့ ဝီလီယံတို့ဟာ အာဆင်နယ်အသင်းကို ရောက်ရှိနေပြီဖြစ်ပြီး ကွင်းလယ် ဖန်တီးရှင် အော်စကာကတော့ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းမှာ ကစားနေပါတယ်။ Fox Sports Brasil နဲ့ တွေ့ဆုံခဲ့ရာမှာ အော်စကာက “ကျနော်တို့ ၃ ယောက်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် သူတို့က ကျနော်နဲ့ စကားပြောလေ့ရှိပါတယ်။ သူတို့က ကျနော့်ကို အာဆင်နယ်အသင်းမှာ လာကစားဖို့ ဖိတ်ခေါ်ကြပါတယ်။ ဒါပေမဲ့ ကျနော့်အတွက် ဒါဟာ လွယ်တော့မလွယ်ပါဘူး။ ကျနော်ဟာ ရှန်ဟိုင်းအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို ဒီကနေ ထွက်ခွာဖို့လည်း ခက်ခဲပါတယ်။ ဝီလီယံက စာချုပ်ကုန်သွားလို့ အာဆင်နယ်အသင်းကို ရောက်ရှိခဲ့တာပါ‌။ သူနဲ့ ဒေးဗစ်လူးဝစ္စတို့ တသင်းတည်းမှာ တူတူကစားနေတာ တွေ့ရတော့ ကျနော် ဝမ်းသာပါတယ်။ ဝီလီယံကလည်း ဝမ်းသာနေပါတယ်။ သူ ဝမ်းသာတော့ ကျနော်လည်း ဝမ်းသာပါတယ်။ ကျနော် ဥရောပကို ပြန်ချင်နေပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကျနော် ရှန်ဟိုင်းအသင်းနဲ့ စာချုပ်က ရှိနေဆဲဖြစ်ပြီးတော့ ဒါကို အပြီးသတ်အောင် ကစားသွားချင်ပါတယ်။ ကျနော့်မှာ ရှုပ်ထွေးနေတဲ့ အခြေအနေတွေရှိနေတာကြောင့် စာချုပ်ပြည့်မှပဲ ဒီအသင်းကနေ ထွက်ခွာဖို့ စဉ်းစားပါတော့မယ် ”လို့ ပြောပါတယ်။  အော်စကာဟာ ချဲလ်ဆီးအသင်းနဲ့ ၅ နှစ်တာကာလအတွင်း ၂၀၃ ပွဲ ကစားပေးခဲ့ပြီး ၃၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။ သူဟာ ၂၀၁၇ ဇန်နဝါရီမှာ ပေါင်သန်း ၆၀ နဲ့ တရုတ်လိဂ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အနာဂတ်မှာ သင့်တော်တဲ့ အခွင့်အရေးသာရမယ်ဆိုရင် ပရီးမီးယားလိဂ်ကို ပြန်လာမယ်လို့လည်း ထုတ်ဖော်ဝန်ခံခဲ့ဖူးပါတယ်။   ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာမယ်ဆိုရင် ဦးစားပေးအဖြစ် သူ့ရဲ့ အသင်းဟောင်း ချဲလ်ဆီးကို ရွေးချယ်သွားမယ်လို့ အော်စကာက ထပ်မံပြောကြားခဲ့ပြီး ဘရာဇီး ကစားသမားများတဲ့ စီးရီးအေကိုလည်း ပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။
7 months Ago

July 28, 2020

ဖီဖာက ခွင့်ပြုပါက တရုတ်လက်ရွေးစင်အသင်းအတွက် ကစားပေးရန် အော်စကာ ဆန္ဒရှိ

ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုမယ်ဆိုရင် တရုတ်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ကစားချင်တယ်လို့ ဘရာဇီး ကွင်းလယ်လူ အော်စကာက ပြောလိုက်ပါတယ်။   ချဲလ်ဆီးကစားသမားဟောင်း အော်စကာဟာ ၂၀၁၇ ဇန်နဝါရီအပြောင်းအရွှေ့မှာ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ပြောင်းရွှေ့ကစားခဲ့တာပါ။  ဘရာဇီးအသင်းနဲ့ အတူ ၂၀၁၄ ကမ္ဘာ့ဖလား အပါအဝင် စုစုပေါင်း ၄၇ ပွဲ ကစားခဲ့တဲ့ အော်စကာဟာ ၂၀၁၆ ခုနှစ်ကစပြီး ဘရာဇီးအသင်းမှာ ရွေးချယ်ခြင်း မခံရတော့ပါဘူး။ ဖီဖာရဲ့စည်းမျဉ်းအရတော့ နိုင်ငံတစ်နိုင်ငံရဲ့ လက်ရွေးစင်အသင်းကြီးမှာ ကိုယ်စားပြု ကစားထားပြီးသား ကစားသမားတစ်ဦးဟာ တခြားနိုင်ငံအသင်းကို ပြောင်းလဲကစားခွင့် ပြုမထားပါဘူး။ အော်စကာကတော့ တရုတ်လက်ရွေးစင်အသင်းမှာ ကွင်းလယ်ကစားသမားကောင်းတစ်ဦး လိုအပ်နေပြီး တရုတ်အသင်းကိုလည်း ကြိုက်နှစ်သက်တာကြောင့် ဖီဖာကသာ စည်းမျဉ်းပြောင်းလဲပြီး ကစားခွင့်ပြုခဲ့မယ်ဆိုရင် ကိုယ်စားပြု ကစားသွားချင်တယ်လို့ပြောပါတယ်။  တရုတ်အသင်းဟာ လက်ရှိကမ္ဘာ့အဆင့် ၇၆ မှာရပ်တည်နေပြီး ၂၀၀၂ နောက်ပိုင်းကတည်းက ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ အောင်မြင်ခြင်းမရှိပါဘူး။
9 months Ago
Up