အောင်လံလွှင့်ချီ နွေဦးထီ

November 26, 2021

အောင်လံလွှင့်ချီ နွေဦးထီ ဖွင့်ရက် နီးလာ၊ နိုဝင်ဘာ ၃၀ တွင် ထီပေါက်စဉ်ထုတ်ပြန်မည်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ အောင်လံလွှင့်ချီနွေဦးထီကို နိုဝင်ဘာ ၂၅ ရက်နေ့အထိ ရောင်းချခဲ့ပြီး လာမယ့် နိုဝင်ဘာ ၃၀ ရက်မှာ ထီဖွင့်လှစ် တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက စမ်းသပ်ရောင်းချခဲ့တဲ့ နွေဦးထီကံထူးရှင်ရွေးချယ်ပွဲမှာတော့ ကံထူးသူ ၇၅ ယောက်ထဲက ၆၃ ယောက်က တော်လှန်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာ ဖြစ်ပြီး နွေဦးထီ မိသားစုရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို လုံခြုံရေး အလေးထားကာ ပို့ ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နွေဦးထီ စနစ်သစ်မှာတော့ လုံခြုံရေးကိုအထူးဂရုပြုထားပြီး ထီလက်မှတ်ဝယ်ယူရာမှာ အရင်က pilot project နဲ့ ပုံစံအနည်းငယ်ပြောင်းလဲထားပြီး Wave Account (သို့မဟုတ်) Wave Pay, KBZ Pay, True Money Agent တွေကတဆင့် ဝယ်ယူမယ့် ထီစောင်ရေ ကျ သင့်ငွေအတိုင်း password နဲ့ ကြိုတင်ငွေလွှဲပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။

ထီကိုတော့ လစဉ် ၂၅ ရက်နေ့အထိ မနက် ၁၀ နာရီကနေ ည ၁၀ အထိ ပုံမှန်ဖွင့်လှစ် ရောင်းချမယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အထူးငွေတိုက်စာချုပ်တွေကိုလည်း  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ စတင်ရောင်းချခဲ့ရာမှာ ပထမဆုံးနေ့မှာဘဲ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ သန်းကျော် ရောင်းချပြီးဖြစ်တယ်လို့သိရပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့ တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ် ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချ သွားမယ်လို့ ခြိမ်းခြောက်ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့  အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပါတယ်။

1 week Ago

November 5, 2021

“အောင်လံလွှင့်ချီ နွေဦးထီ” ပြန်လည်စတင်ရောင်းချ

အောင်လံလွှင့်ချီနွေဦးထီ ပြန်လည်စတင်ရောင်းချတဲ့ ဒီနေ့  နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီအထိ စောင်ရေ ၈၅၀၀ ကျော်(ငွေကျပ်သိန်း ၁၇၀) ကျော်ဖိုးရောင်းကုန်ထားတယ်လို့ NUG ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

နွေဦးထီကို နိုဝင်ဘာ ၅ ရက်နေ့ကစပြီး နေ့စဉ်မနက် ၁၀ နာရီကနေ ည ၁၀ အထိရောင်းချပေးနေတာဖြစ်ပါတယ်။

စမ်းသပ်ကာလတုန်းကလို တစ်ရက်စာ လက်မှတ်အကန့်အသတ်နဲ့မဟုတ်တဲ့အတွက် ပြည်သူတွေက အားလပ်တဲ့အချိန်မှာ စိတ်ကြိုက်အားပေးနိုင်မှာဖြစ်ပါတယ်။

စမ်းသပ်ကာလတုန်းကရောင်းအားနဲ့နှိုင်းယှဉ်ရင် အခုရောင်းအားက အနည်းငယ်အေး သလိုဖြစ်နေတဲ့အတွက် ပြည်သူတွေက ပိုပြီးအားပေးကြဖို့ ဦးမင်းဇေယျာဦးက တိုက်တွန်းပါတယ်။

"နည်းပညာတွေနည်းနည်းလေးပြောင်းလဲထားတယ်။ အချိန်အကန့်အသတ်မရှိလည်း ရောင်းပေးနေတာဆိုတော့လောလောဆယ်အထိတော့ အခြေအနေက မတည်ငြိမ်သေးဘူး။ ပြောလို့ မရသေးဘူးပေါ့။ နွေဦးထီဆိုတာ တော်လှန်ရေးထီဆိုတော့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ပြည်သူတိုင်း လုံလုံခြုံခြုံလေးပါဝင်နိုင်အောင် ကျနော်တို့ ကြိုးစားထားပါတယ်။ နွေဦးထီမှာပါဝင်တာဟာ သပိတ်တိုက်ပွဲတစ်ရပ်မှာပါဝင်တာလို့ပဲလို့ ကျနော်ပြောချင်ပါတယ်။”

နွေဦးထီကို တစ်စောင်  ကျပ် ၂၀၀၀ နှုန်းနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရောင်းချပေးနေတာဖြစ်ပြီး လစဉ် တစ်လမှာ ၂၅ ရက်၊ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖွင့်လှစ်ရောင်းချပေးသွားမယ်လို့ နွေဦးထီမိသားစုက ထုတ်ပြန်ထားပါတယ်။

နွေဦးထီကို မြန်မာကျပ်ငွေနဲ့သာဝယ်ယူနိုင်မှာဖြစ်ပြီး အမြင့်ဆုံးဆုမဲပေါက်ငွေက တစ်စောင်ကို ၁၅ သိန်းကျပ်ဖြစ်ပါတယ်။

လစဉ်ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအနေနဲ့ ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM သူရဲကောင်းတွေအတွက် ကူညီထောက်ပံ့သွားမယ်လို့ NUG က ကြေညာထားပါတယ်။

နွေဦးထီထိုးနည်း နည်းလမ်းသစ်တွေနဲ့ လိုအပ်ချက်တွေကို အောင်လံလွှင့်ချီနွေဦးထီတရားဝင်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

4 weeks Ago
More News
Up