ရလဒ်တွေဆိုးရွားခဲ့ပေမဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ သူဟာ အသင်းကို အောင်မြင်မှုလမ်းကြောင်းပေါ် ဦးဆောင်နိုင်မယ့်သူအဖြစ် သူ့ကိုယ်သူ ယူဆထားပါတယ်။
အာဆင်နယ်၊ အစ္စတန်ဘူလ်အသင်းတို့ကို ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့အပြီးမှာတော့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းမှာ ကာလရှည်ဆက်ရှိရေး အခြေအနေဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ အနိုင်ရရှိထားပြီး အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။
အသင်းဟာ နိုဝင်ဘာ ၇ ရက် (စနေနေ့) မှာ အဲဗာတန်နဲ့ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဖိအားတွေ မြင့်တက်နေပေမဲ့ ဆိုးလ်ရှားကတော့ သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပါတယ်။
“ကျနော်သာ ကိုယ့်ယုံကြည်ချက်၊ တန်ဖိုး၊ ဝန်ထမ်းတွေနဲ့ ကစားသမားတွေရဲ့ အရည်အသွေးကို ယုံကြည်မှုမရှိရင် ဘယ်သူက ယုံတော့မှာလဲ။ တစ်ပွဲ၊ နှစ်ပွဲလောက် ရလဒ်မကောင်းတာနဲ့ လဲပြိုသွားမယ့်လူ မဟုတ်ပါဘူး။ ကျနော်တို့ ရလဒ်မကောင်းခဲ့ပါဘူး။ အာဆင်နယ်၊ ချဲလ်ဆီးတို့ကို ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ပီအက်စ်ဂျီ၊ လိုက်ပစ်ဇ်တို့ကို အနိုင်ရခဲ့တာလည်း မကြာသေးပါဘူး။ ကျနော်တို့မှာ ဒီလိုယုံကြည်မှုမျိုး ရှိရပါမယ်။ အသင်းမှာလည်း အပြုသဘောဆောင်တဲ့အရာတွေ ရှိနေပြီး သူတို့ရဲ့ သွင်ပြင်လက္ခဏာနဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုကိုလည်း ပြသခဲ့ပြီး ဖြစ်ပါတယ်။ အခု စနေနေ့ အဲဗာတန်နဲ့ပွဲအတွက် အာရုံစိုက်ထားပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ ရလဒ်တွေဆိုးရွားနေပေမယ့် ဆိုးလ်ရှားအနေနဲ့ အခုချိန်ထိ သူ့ ရာထူးနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုမျိုး မကြုံတွေ့ရသေးဘူးလို့ ယူဆရပါတယ်။
နည်းပြကိုယ်တိုင်ကလည်း သူဟာ အသင်းဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိနေဆဲပဲလို့ ပြောပါတယ်။
“ကျနော်နဲ့ အသင်းတာဝန်ရှိသူတွေကြား ပွင့်လင်းပြီး ရိုးသားကောင်းမွန်တဲ့ ဆွေးနွေးမှုမျိုး အမြဲတမ်းရှိပါတယ်။ သူတို့ဟာ အသင်းကို ကျနော် ရောက်ရှိချိန်ကတည်းက ခိုင်မာတဲ့ ဦးဆောင်မှုကို ပြသထားခဲ့တာ ဖြစ်ပါတယ်။ ကျနော် ယူနိုက်တက်အသင်းနည်းပြ ဖြစ်လာပြီး ဆိုးတာတွေနဲ့ ကောင်းတွေကို ရင်ဆိုင်ဖို့ လေ့လာခဲ့ပြီးဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ စိတ်ဓာတ်ခိုင်မာဖို့လိုပါတယ်။ ယူနိုက်တက်အသင်းဟာ ကမ္ဘာ့အကြီးမားဆုံး၊ အကောင်းဆုံးဖြစ်တာကြောင့် ကစားသမားတွေ၊ နည်းပြတွေနဲ့ မန်နေဂျာတွေအတွက် တောင်းဆိုမှုတွေ၊ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ဒါ့ကြောင့် ဝေဖန်မှုတွေဟာလည်း ရှိနေပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။
2 years Ago