အောင်မျိုးမင်း

July 23, 2021

ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် (Credential Issue) ဆိုတာဘာလဲ

ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် (Credential Issue) ဆိုတာဘာလဲ။

ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်ဆိုတာကတော့ ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ထားတဲ့ အမြဲတမ်းကိုယ်စားလှယ် (ကုလသမဂ္ဂသံအမတ်)နဲ့ သံဝန်ထမ်းတွေအပြင် နိုင်ငံက တာဝန်ပေးစေလွှတ်လိုက်တဲ့ကိုယ်စားလှယ်တွေကို တရားဝင်ကိုယ်စားလှယ်တွေအဖြစ် တရားဝင်အသိအမှတ်ပြုတာကို ဆိုလိုတာပါ။ 

ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်က ဘာကြောင့်အရေးကြီးတာလဲ။

အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအသိအမှတ်ပြုခြင်းဟာ စေလွှတ်တဲ့အစိုးရကို အသိအမှတ်ပြုတဲ့သဘောမျိုးဖြစ်ပါတယ်။ စေလွှတ်တဲ့အစိုးရကို တရားဝင် အသိအမှတ်ပြုရာရောက်တဲ့အတွက် နိုင်ငံတကာမှာ တရားဝင်မှုရရှိသွားတဲ့သဘောပါ။ နောက်ပြီးတော့ အခုလိုအသိအမှတ်ပြုလိုက်တဲ့အတွက် ခန့်အပ်ထားတဲ့ အမြဲတမ်းကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေ ညီလာခံတွေမှာ တရားဝင် တက်ရောက်ခွင့်နဲ့ တရားဝင်ပြောရေးဆိုခွင့်ရရှိပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ပါဝင်မဲပေးဆုံးဖြတ်ပိုင်ခွင့်လည်း ရှိလာပါတယ်။ ကုလသမဂ္ဂအတွင်း ဆွေးနွေးချမှတ်လေ့ရှိတဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပါဝင်နိုင်ခွင့်ရတဲ့အခြေအနေပါ။ ဒါ့အပြင် တခြားနိုင်ငံက အစိုးရတွေနဲ့ ကုလသမဂ္ဂဌာနတွေကို တရားဝင်ဆက်သွယ်ပြောဆိုခွင့်ရလာပါတယ်။ မိမိပြောဆိုလိုတဲ့အကြောင်းအရာတွေကို တင်ပြပြောဆိုနိုင်ပြီး အပြန်အလှန်ဆွေး‌နွေးနိုင်ပါတယ်။ 

ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် (Credential Issue) ကို ဘယ်လို တင်သွင်းရပါသလဲ။

နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအ‌ဝေးမစခင်မှာ နိုင်ငံတိုင်းရဲ့ နိုင်ငံကိုယ်စားပြုခွင့်အတွက် အမည်စာရင်းတင်သွင်းဖို့ တောင်းခံတဲ့စာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကနေ နိုင်ငံအစိုးရဆီကို ပေးပို့ပါတယ်။ ဒီလိုတောင်းခံစာကို လက်ခံရရှိတဲ့အခါမှာ Letter of Credentials လို့ခေါ်တဲ့  ပုံစံမှာ နိုင်ငံအစိုးရက ခန့်အပ်လိုက်တဲ့ အမြဲတမ်းကိုယ်စားလှယ်နဲ့ အဓိကသံရုံး၀န်ထမ်းတွေရဲ့ အမည်တွေဖြည့်စွက်ပြီး  နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီ (Credential Committee) ထံ ပြန်ပေးပို့ရပါတယ်။ အခုလို တင်သွင်းလိုက်တဲ့ အမည်စာရင်းကို ကော်မတီကလက်ခံလိုက်ရင် ဒီအမည်စာရင်းပါ ပုဂ္ဂိုလ်တွေဟာ ကုလသမဂ္ဂမှာ တနှစ်တာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း အခုလိုဘဲ လုပ်ဆောင်သွားလေ့ ရှိပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးကနေ ဘယ်အချိန်မှာ စာပို့လေ့ရှိပါသလဲ။ 

ကုလသမဂ္ဂအထွေထွေညီလာခံမကျင်းပမီ ပေးပို့လေ့ရှိတဲ့အတွက် ပုံမှန် စက်တင်ဘာလအတွင်း ဖြစ်ပါတယ်။ 

အစိုးရကိုယ်စားပြုမယ့်သူတွေစာရင်းကို အစိုးရဘက်ကနေ ဘယ်သူက တာဝန်ခံပေးပို့ရပါသလဲ။

ပြန်လည်ပေးပို့လိုက်တဲ့အမည်စာရင်းဟာ ခိုင်မာမှုရှိတာကို သက်သေခံနိုင်ဖို့အတွက် တာဝန်ခံတဦးရဲ့ လက်မှတ်ရေးထိုးပေးပြီးမှ ပို့ရမှာဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပေးပို့တဲ့သူဟာ နိုင်ငံခြားရေးရာ၀န်ကြီး သို့မဟုတ် နိုင်ငံခေါင်းဆောင် (Head of State) သို့မဟုတ် အစိုးရခေါင်းဆောင် (Head of Government)  ဖြစ်ရပါမယ်။ နိုင်ငံခြားရေးရာ၀န်ကြီး၊ နိုင်ငံ့ခေါင်းဆောင်၊ အစိုးရခေါင်းဆောင်တို့ထံကနေ မူရင်းလက်မှတ်ထိုးစာမရနိုင်သေးရင် နိုင်ငံခြားရေးရာ၀န်ကြီးက လုပ်ပိုင်ခွင့်ပေးထားတဲ့ တာဝန်ရှိသူတဦးကဖြစ်စေ၊ နိုင်ငံခေါင်းဆောင်၊ အစိုးရခေါင်းဆောင်တို့က တာ၀န်ပေးအပ်ထားတဲ့ သံအမတ်ကဖြစ်စေ ကိုယ်စားလက်မှတ်ရေးထိုးပေးနိုင်ပါတယ်။ 

နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီ (Credential Committee) မှာ ဘယ်သူတွေ ပါသလဲ။ 

နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာကော်မတီဆိုတာဟာ နိုင်ငံတွေက တင်သွင်းလာတဲ့ ကိုယ်စားလှယ်စာရင်းတွေကို စစ်ဆေးကြည့်ရှူတဲ့ ကော်မတီဖြစ်သလို တင်သွင်းလာမှုနဲ့ပတ်သက်ပြီး အထွေထွေညီလာခံထံ အကြံပြုချက်တွေတင်သွင်းပေးရပါတယ်။  နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာကော်မတီမှာ အဖွဲ့ဝင်နိုင်ငံ (၉) နိုင်ငံပါဝင်ပါတယ်။ အမြဲတမ်းအဖွဲ့ဝင် (၃) နိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် (၆) နိုင်ငံရှိပါတယ်။ အမြဲတမ်းအဖွဲ့ဝင် (၃) နိုင်ငံကတော့ ရုရှ၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်ပြီး ကျန်တဲ့ အလှည့်ကျအဖွဲ့ဝင် (၆) နိုင်ငံကိုတော့ ကုလသမဂ္ဂရဲ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းရေးရာဌာနနဲ့ ကုလသမဂ္ဂဥပဒေရေးရာဌာနရုံးတို့က နှစ်စဥ်နှစ်တိုင်း ရွေးချယ်တင်မြှောက်လေ့ရှိပါတယ်။ အလှည့်ကျ (၆) နိုင်ငံကို ကြားနေအုပ်စုဝင်နိုင်ငံတွေက ရွေးချယ်တင်မြှောက်လေ့ရှိလို့ များသောအားဖြင့် ကျွန်းနိုင်ငံတွေနဲ့ နိုင်ငံငယ်လေးတွေ ဖြစ်တတ်ပါတယ်။

အလှည့်ကျနိုင်ငံ ရွေးချယ်မှုကို အထူးလျှို့ဝှက်ထားလေ့ရှိပြီး ရွေးချယ်ခံရတဲ့နိုင်ငံတွေရဲ့အမည်စာရင်းကို စက်တင်ဘာလအစည်းအဝေးမတိုင်ခင် ရက်အနည်းငယ်ကျမှသာ အထွေထွေညီလာခံဥက္ကဋ္ဌထံကို ပေးလေ့ရှိပါတယ်။ အထွေထွေညီလာခံဥက္ကဋ္ဌက တနှစ်အတွက် တာဝန်ပေးခံရတဲ့ကော်မတီဝင်အမည်စာရင်းကို  အတည်ပြုပေးရပါတယ်။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ (၃) နိုင်ငံရှိပေမဲ့ လုံခြုံရေးကောင်စီမှာ ပေးထားတဲ့ ဗီတိုအာဏာမရှိပါဘူး။ တခုခုနဲ့ပတ်သက်လို့ မဲခွဲဆုံးဖြတ်ရင် တနိုင်ငံ တမဲသာပေးရပြီး မဲအနည်းအများနဲ့ ဆုံးဖြတ်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲ ထူးထူးခြားခြားမရှိတဲ့ သာမန်အခြေအနေမျိုးနဲ့နိုင်ငံတွေမှာ ဒီလုပ်ငန်းစဥ်က သမားရိုးကျပုံစံမျိုးပါပဲ။ သာမန်အခြေအနေမျိုးမှာ တင်သွင်းလာတဲ့စာရင်းကို လက်ခံလေ့ရှိပေမဲ့ နိုင်ငံကိုယ်စားလှယ်စာရင်းကို တင်သွင်းတဲ့အစိုးရက တခုထက်ပိုလာရင် ဘယ်ကိုယ်စားလှယ်စာရင်းကို အသိအမှတ်ပြုလက်ခံမလဲဆိုတာ ဆုံးဖြတ်ဖို့ လိုလာပါပြီ။ 

တကယ်လို့ နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီကို ကိုယ်စားလှယ်တင်သွင်းတဲ့စာရင်းက တခုထက်ပိုလာရင် ဘယ်လိုလုပ်မလဲ။ 

နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီရဲ့တာဝန်ဟာ အဆိုပြုတင်သွင်းလာတဲ့အမည်စာရင်းတွေကို လေ့လာဖတ်ရှုပြီး ပြဿနာရှိမရှိ အငြင်းပွားဖွယ်ရာရှိမရှိတို့ကို ထည့်သွင်းစဥ်းစားရပါတယ်။ တင်သွင်းမှုဟာ သမားရိုးကျမဟုတ်ဘဲ နှစ်ခုဖြစ်လာတာမျိုးလို ဒါမှမဟုတ် တင်သွင်းလာမှုနဲ့ ပတ်သက်ပြီး  သင့်လျော်တဲ့အရည်အချင်းရှိမရှိကို ဆန်းစစ်စရာရှိလာတာမျိုးဆိုရင်တော့ သာမန်မဟုတ်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ဖို့လို့လာပါပြီ။ 

တကယ်လို့ တရားဝင်ကိုယ်စားပြုမှုကို တင်သွင်းလာတဲ့ကိုယ်စားလှယ်စာရင်းက တခုထက်ပိုလာပြီဆိုရင် (ဥပမာ- အာဏာသိမ်းခံရတဲ့အစိုးရနဲ့ အာဏာသိမ်းအစိုးရ၊ ရွေးကောက်ခံအစိုးရနဲ့ အာဏာသိမ်း စစ်တပ်၊ ပြည်တွင်းအစိုးရနဲ့ အဝေးရောက်အစိုးရ စသည်ဖြင့်) လုပ်ဆောင်မှုကတော့ နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ ကော်မတီအတွင်းမှာပဲ ဆုံးဖြတ်ချက်ချမှတ်ပြီး ဆုံးဖြတ်တာပါ။  လိုအပ်ရင် မဲခွဲဆုံးဖြတ်နိုင်ပါတယ်။ 

သက်ဆိုင်ရာနိုင်ငံရဲ့ကိုယ်စားပြုခွင့်နဲ့ပတ်သက်တဲ့ ကော်မတီရဲ့ဆုံးဖြတ်ချက်ကို ကော်မတီရဲ့အစီရင်ခံစာအဖြစ် အထွေထွေညီလာခံထံ ပေးပို့ပါတယ်။ အထွေထွေညီလာခံက ကော်မတီကနေ တင်သွင်းလာတဲ့အစီရင်ခံစာမှာပါတဲ့ဆုံးဖြတ်ချက်ကို လက်ခံမခံ ထပ်ပြီးဆွေးနွေးပါတယ်။ လက်ခံတယ်ဆိုရင် အတည်ပြုတာသက်သက်ဖြစ်ပေမဲ့ တကယ်လို့ ကော်မတီက တင်သွင်းလာခဲ့တဲ့ဆုံးဖြတ်ချက်အတိုင်း သဘောမတူရင်‌တော့ ပြောင်းလဲဖို့အတွက် နိုင်ငံတွေအားလုံးက မဲခွဲဆုံးဖြတ်ပါတယ်။ မဲများတဲ့ဘက်က အဆိုကို အတည်ပြုပါတယ်။ 

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးဖြစ်လာနိုင်ပါသလဲ။ 

မြန်မာနိုင်ငံအတွက် အခြေအနေအနေအထား (၃) မျိုးရှိနိုင်ပါတယ်။ 

(၁) အမျိုးသားညီညွတ်ရေးအစိုးရက တင်သွင်းမှုကို လက်ခံခြင်း

(၂) စစ်ကောင်စီဘက်ကတင်သွင်းလာမှုကို လက်ခံခြင်း

(၃) ဥပဒေသ ၂၉ အရ deferral of consideration ဟုခေါ်သည့် ထည့်သွင်းစဥ်းစားချက်အား ဆိုင်းငံ့ထားခြင်း၊ (အနေအထားများအားလုံးကို အချိန်အတိုင်းအတာတခုအထိ သုံးသပ်မှုများ လုပ်ဆောင်မည်ဖြစ်ပြီး ဆုံးဖြတ်ချက်ချနိုင်သည့်အချိန်အထိ လက်ရှိအမြဲတမ်းကိုယ်စားလှယ်ကို ဆက်လက်တာဝန်ခန့်အပ်ထားခြင်း) 

ဒီတော့ ဘာတွေလုပ်နိုင်မလဲ။

ဗျူဟာတွေကို  အသေးစိတ်မရေးပြတော့ပါဘူး။ အကြမ်းအားဖြင့်

-အကြမ်းဖက်စစ်ကောင်စီဟာ အစိုးရမဟုတ်ကြောင်း ခိုင်ခိုင်မာမာတင်ပြနိုင်ဖို့ ပြင်ဆင်ပါ။

-အကြမ်းဖက်စစ်ကောင်စီလုပ်ရပ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုကျုးလွန်မှုတွေဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ စုဆောင်းပါ။ တင်ပြဖို့ပြင်ဆင်ပါ။

-ကုလသမဂ္ဂတာဝန်ရှိသူတွေဖြစ်တဲ့ ၂၀၂၁ ခုနှစ် လုံခြုံရေးကောင်စီဥက္ကဋ္ဌနိုင်ငံနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေ၊ အထွေထွေညီလာခံဥက္ကဋ္ဌနိုင်ငံနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေ၊ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌနိုင်ငံနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေ၊ လူ့အခွင့်အ‌ရေးဆိုင်ရာမဟာမင်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိတွေဆီ သတင်းအချက်အလက်တွေ ပေးပို့ပြီး စစ်ကောင်စီကို အသိအမှတ်မပြုဖို့  တိုက်တွန်းပါ။

-အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုထောက်ခံကြောင်းလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ပါ။ လက်မှတ်ရေးထိုးပေးခြင်း၊ လူထုစုဝေးပွဲတွေ ကျင်းပခြင်းစတဲ့ နည်းလမ်းအမျိုးမျိုးကို နိုင်ငံတကာတွင် လုပ်ဆောင်ပါ။

-မိမိရောက်ရှိနေတဲ့နိုင်ငံရဲ့ အကြီးအကဲတွေနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်အောင်စီစဥ်ပြီး ကုလသမဂ္ဂမှာ အကြမ်းဖက်စစ်ကောင်စီကို မထောက်ခံအောင်နဲ့ တခြားနိုင်ငံတွေကလည်း  မထောက်ခံအောင် စည်းရုံးလှုံ့ဆော်လာအောင် တောင်းဆိုပါ။

- ထင်ရှားပြီး လူသိများတဲ့ လူပုဂ္ဂိုလ်တွေနဲ့ နိုင်ငံခေါင်းဆောင်ဟောင်းတွေကို ချဥ်းကပ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်ကျုးလွန်နေမှုတွေအပေါ် ပြင်းထန်စွာရူတ်ချပြီး မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီကာကွယ်ပေးဖို့အတွက် တိုက်တွန်းလာအောင် လုပ်ဆောင်ပါ။

- သတင်းမီဒီယာတွေကတဆင့် သတင်းစကားတွေပြောပေးတာနဲ့ တိုက်တွန်းနှိုးဆော်တာတွေကို လုပ်ဆောင်ပါ။

အောင်မျိုးမင်း 

2 years Ago

April 4, 2021

ဆနွင်းမကင်းစတိတ်မန့်၊ ကုလသမဂ္ဂနဲ့ ဗီတို

ဖေဖော်ဝါရီ ၁  ရက် စစ်အာဏာသိမ်းနောက်ပိုင်း ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးပြီးထုတ်ပြန်ချက်တွေ ထုတ်လိုက်တိုင်း “စိုးရိမ်မကင်းဖြစ်မိသည်”၊  “စိုးရိမ်ပူပန်မိသည်” ဆိုတဲ့ စကားလုံးတွေပဲပါတဲ့ ထုတ်ပြန်ချက်တွေပဲဖြစ်နေပါတယ်။ 

တခါလာလည်း စိုးရိမ်မကင်း နောက်တခါလာလည်း  စိုးရိမ်မကင်းနဲ့ နောက်ဆုံးတော့ “ဆနွင်းမကင်း စတိတ်မန့်” တွေပဲ ထွက်နေတာ စိတ်ပျက်စရာပါပဲ။

အမှန်တော့ ဒီလိုဖြစ်နေရာတာ ဗီတိုအာဏာကြောင့်ပါ။ ဒီ ဗီတိုအာဏာကျင့်သုံးခွင့်ကို ကုလသမဂ္ဂကိုစတင်ဖွဲ့တဲ့အခါ အင်အားကြီးနိုင်ငံတွေ ပါဝင်လာဖို့အတွက် စဉ်းစားရင်း ဖြစ်လာတာပါ။

စစ်စတင်နိုင်တဲ့ အင်အားကြီးနိုင်ငံတွေပါဝင်လာမှ နောက်တခါစစ်မဖြစ်အောင် တားဆီးနိုင်မယ်။ သူတို့ပါဖို့အရေးကြီးတဲ့အတွက် လုံခြုံရေးကောင်စီမှာ ထည့်သွင်းထားရမယ်ဆိုပြီး အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံအဖြစ် အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ရုရှားနဲ့ ပြင်သစ်နိုင်ငံတို့ကို ထည့်သွင်းခန့်အပ်ခဲ့ပါတယ်။

သူတို့တွေပါဝင်လာပြန်တော့လည်း စစ်အေးကာလအတွင်း အားပြိုင်နေဆဲဖြစ်တဲ့ အင်အားကြီးအုပ်စုတွေအကြား ပါဝါတွေကို ထိမ်းညှိဖို့လိုလာပြန်ပါပြီ။ ဒါကြောင့် အင်အားကြီးနိုင်ငံတွေကြားမှာ အုပ်စုအားနဲ့အနိုင်မယူနိုင်ဖို့ ဗီတိုအာဏာကို ထည့်ထားတာဖြစ်ပါတယ်။အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတနိုင်ငံကနေ သဘောမတူဘဲ ဗီတိုအာဏာသုံးပြီး ပယ်ချမယ်ဆိုရင် ပယ်ချပိုင်ခွင့်ပေးထားတဲ့ ဗီတိုဆိုတာ ဒီလိုနဲ့‌ပေါ်ပေါက်လာခဲ့တာပါ။

အဲဒီခေတ်အဲဒီကာလတုန်း ကတော့ အခုလို ဗီတိုအာဏာပေးပြီး အင်အားကြီးနိုင်ငံတွေအကြား ပါဝါထိမ်းညှိထားတာမှန်ကောင်းမှန်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဗီတိုအာဏာအပေါ် ဝေဖန်လာကြပါတယ်။ ပထမထောက်ပြချက်ကတော့ အင်အားကြီးနိုင်ငံတွေကို အထူးလုပ်ပိုင်ခွင့်ပေးထားတဲ့အတွက် ကုလသမဂ္ဂရဲ့ တန်းတူညီမျှမှုဆိုတဲ့မူနဲ့ မကိုက်ညီဘူးလို့ ထောက်ပြကြပါတယ်။

အတော်များများကတော့ ကုလသမဂ္ဂအနေနဲ့အရေးတကြီးလုပ်ဆောင်ရမယ့် လုံခြုံရေးကိစ္စမျိုးနဲ့ နိုင်ငံတကာတရားမျှတမှုကို ဖော်ဆောင်တဲ့ကိစ္စမျိုးတွေမှာ ဒီဗီတီုအာဏာကို ကျင့်သုံးခွင့်ရှိထားတဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကြောင့် ကာကွယ်တားဆီးအရေးယူတဲ့နေရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ အဖွဲ့ဝင် စုစုပေါင်း (၁၅) နိုင်ငံရှိတဲ့အထဲ (၁၄) နိုင်ငံက အရေးယူဆောင်ရွက်ဖို့ သဘောတူတဲ့တိုင်အောင် ဗီတိုအာဏာသုံးခွင့်ရှိတဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတနိုင်ငံက ဗီတိုသုံးပြီး ကန့်ကွက်ရင် ဘယ်လိုမှ ရှေ့ဆက်လုပ်လို့မရတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ 

ကုလသမဂ္ဂရဲ့ စစချင်းကာလတွေမှာ အဖွဲ့ဝင်နိုင်ငံသစ်တွေကို လက်ခံမှုနဲ့ပတ်သက်တဲ့ ဗီတိုအာဏာသုံးမှုတွေ များခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်ကနေ အခုအချိန်ထိ ဗီတိုအာဏာကိုအများဆုံးသုံးတဲ့နိုင်ငံက ရုရှားဖြစ်ပြီး (၁၁ရ) ကြိမ်အထိအသုံးပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံကတော့ (၈၂) ကြိမ်နဲ့ ဒုတိယအများဆုံးပါ။ ဗြိတိန်က (၂၉) ကြိမ်၊ ပြင်သစ်က (၁၆) ကြိမ်နဲ့ တရုတ်က (၁၆) ကြိမ်သုံးခဲ့ပါတယ်။

ရုရှားနဲ့တရုတ်နိုင်ငံတို့ကတော့ ဆီးရီးယားနိုင်ငံအပေါ် အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်မူကြမ်းတွေကို ဗီတိုအဏာကို အများဆုံးသုံးခဲ့ပါတယ်။  အမေရိကန်နိုင်ငံကတော့ ပါလက်စတိုင်းအရေးနဲ့ပတ်သက်တဲ့မူကြမ်းတွေကို အမြဲတမ်းဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။ 

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်မူကြမ်းတခု ရှားရှားပါးပါးရှိပါတယ်။ အဲဒါကတော့ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၂  ရက်မှာ တင်သွင်းခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးအပေါ် အကြမ်းဖက်နှိမ်နှင်းမှုနဲ့ပတ်သက်ပြီး ရှုတ်ချတဲ့ ဆုံးဖြတ်ချက်မူကြမ်းပါ။

ဗြိတိန်နဲ့ အမေရိကန်က တင်သွင်းခဲ့ပါတယ်၊  ဒီမူကြမ်းကို တရုတ်နဲ့ ရုရှားက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဆိုပြီး ဗီတိုအာဏာသုံးပယ်ချခဲ့ဖူးပါတယ်။ အဲ့ဒီဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တဲ့အတွက် ရွှေဝါရောင်တော်လှန်ရေးတုန်းက လုံခြုံရေးကောင်စီက ဘာမှ ထုတ်ပြန်ပြောဆိုမှုမရှိခဲ့ပါဘူ။

ဆုံးဖြတ်ချက်မူကြမ်းတင်ပေမဲ့ ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေမှာ လုံခြုံရေးကောင်စီမှာ အကြောင်းအရာတခု သို့မဟုတ် နိုင်ငံတခုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတခုခုကို တင်မယ်ဆိုရင် ကြိုတင်တွေးလေ့ရှိတဲ့အချက်တွေက ဗီတိုအာဏာမသုံးဘဲ ဆုံးဖြတ်ချက်ကျနိုင်မလား သို့မဟုတ် ဗီတိုအာဏာသုံးနိုင်တဲ့နိုင်ငံတနိုင်ငံက ကန့်ကွက်နိုင်မလားဆိုတဲ့အချက်ပါဘဲ။

ဒါကြောင့် နိုင်ငံတွေကြားမှာ ကြိုတင်စနည်းနာကြည့်တာတွေ၊ အနေအထားကို တီးခေါက်ကြည့်တာတွေ လုပ်လေ့ရှိပါတယ်။ တကယ်လို့  ဗီတိုအာဏာသုံးနိုင်တဲ့နိုင်ငံတနိုင်ငံက ကန့်ကွက်နိုင်တယ်ဆိုရင် မူကြမ်းစတင်‌ရေးဆွဲပြီး ကန့်ကွက်နိုင်တဲ့နိုင်ငံတွေက လက်ခံလာအောင် သံတမန်အချင်းချင်း စည်းရုံးလှုံ့ဆော်ကြပါတယ်။ ကိုယ့်ဘက်ပါလာအောင် စကားပြောဆွေးနွေးကြရပါတယ်။

တကယ်လိုများ မူကြမ်းမှာပါတဲ့အတိုင်း အဆိုတင်သွင်းရင် ဗီတိုအာဏာသုံးပြီး ပယ်ချမှာသေချာတဲ့အခါ ဒီလိုမပယ်ချဖို့ မူကြမ်းမှာ ဘာအချက်ကို ပြောင်းနိုင်မလဲ။ ဘယ်စကားလုံးအသုံးအနှုန်းကို လျှော့ချမလဲ စသည်ဖြင့် စျေးတင်လိုက် စျေးဆစ်လိုက် စျေးလျော့လိုက်မျိုးစုံလုပ်ရတဲ့ သံတမန်အခင်းအကျင်းပါ။

ဆုံးဖြတ်ချက်မူကြမ်းတင်တဲ့နိုင်ငံတွေရဲ့ သံတမန်နည်းနာကောင်းမွန်မှုကြောင့် ဗီတိုမသုံးဘဲ မူကြမ်းအတိုင်း ဆုံးဖြတ်ချက်ချနိုင်ခဲ့တာတွေလဲ ရှိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်အနေနဲ့ ထွက်လာနိုင်ဖို့အတွက်နဲ့ ဗီတိုသုံးပြီး မပယ်ချဖို့အတွက် မူကြမ်းမှာပါတဲ့ အကြောင်းအရာတွေနဲ့ စကားလုံးကို ပြောင်းတန်ပြောင်း ဖြုတ်တန်ဖြုတ်လုပ်ပြီး ပြင်ဆင်ဆွေး‌နွေးတာမျိုး ရှိပါတယ်။ မူလအတိုင်းတင်လို့ ဗီတိုသုံးပြီးပယ်ချတာထက်စာရင် ညှိနိုင်းပြီး သဘောတူထားတဲ့ပုံစံမျိုးနဲ့ ဆုံးဖြတ်ချက်ထွက်လာတာ တော်သေးတယ်ဆိုတဲ့ သဘောမျိုးပါ။ ဒါပေမဲ့ ဗီတိုအာဏာနဲ့ ပယ်ချခံမထိဘဲ ဒီလိုဆုံးဖြတ်ချက်ကျလာဖို့အတွက် ကိုယ်ပါဝင်စေချင်တဲ့အချက်တွေကို စတေးလိုက်ရတာပါပဲ။

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ကြုံတွေ့နေရတာ ဒီအခက်အခဲပါပဲ။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက လုံခြုံရေးကောင်စီမှာ မဖြစ်မ‌နေဆွေး‌‌နွေးရမယ့် အခြေအနေရောက်ခဲ့ပါပြီ။  တကမ္ဘာလုံးက စောင့်ကြည့်တောင်းဆိုနေကြပါပြီ။ ဒါကြောင့် အာဏာသိမ်းပြီးပြီးချင်းမှာ သတင်းထုတ်ပြန်ချက်တခု ထွက်လာပါတယ်။ နောက်ပိုင်းမှာ အလှည့်ကျ ဥက္ကဋ္ဌ ထုတ်ပြန်ချက်အဖြစ် တဆင့်တက်လာပါတယ်။ နောက်ဆုံးမှာတော့ လုံခြုံရေးကောင်စီတခုလုံးရဲ့ ထုတ်ပြန်ချက်အဖြစ် ထွက်လာတာကိုကြည့်ရင် မြန်မာအရေးဟာ လုံခြုံရေးကေင်စီမှာ အရေးကြီးတဲ့အကြောင်းအရာဖြစ်လာတာ အထင်အရှားပါ။

ဒါပေမဲ့ မြန်မာနိုင်ငံအကြောင်းဆွေးနွေးမယ်၊ ထုတ်ပြန်ချက်ထုတ်မယ်၊ အရေးယူဆောင်ရွက်ချက်တွေလုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဗီတိုအာဏာနဲ့ ကစားနိုင်တာ  တရုတ်နဲ့ ရုရှားနှစ်နိုင်ငံရှိပါတယ်။ ကစားလည်း ကစားခဲ့ပါတယ်။ ပြင်းထန်တဲ့အသုံးအနှုန်းတွေ မပါဝင်ဖို့နဲ့  စစ်အုပ်စုကို ထိခိုက်စေမဲ့အရေးယူဆောင်ရွက်ချက်တွေကို မဆုံးဖြတ်နိုင်ဖို့ သူတို့တွေက အမြဲတမ်းကာဆီးလျက်ရှိပါတယ်။

အရင်တုန်းက မြန်မာအရေးကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့အာဂျန်ဒါမှာ ပါတောင်မပါနိုင်အောင် ပိတ်ဆို့တားဆီးခဲ့ပေမဲ့ အခုအခြေအနေမျိုးမှာ အရင်လို လုပ်လို့မရတော့ပါဘူး။ လုပ်မယ်ဆိုရင် သူ့တို့အတွက် အကြီးအကျယ်နာမည်ပျက်ပါလိမ့်မယ်။ ဒါကြောင့် ဒီတကြိမ်မှာတော့ မြန်မာအရေးကို လုံခြုံရေးကောင်စီစားပွဲမှာ တင်ခွင့်ပြုပါတယ်။ 

ဒါပေမဲ့ တင်သွင်းတဲ့မူကြမ်းစာသားတွေကို ပြောင်းခိုင်း၊ ဖြုတ်ခိုင်း၊ ပြင်ခိုင်းပြီး ပြင်းထန်တဲ့တောင်းဆိုချက်တွေနဲ့ ထုတ်ပြန်ချက်တွေ မထွက်လာအောင် တားဆီးပါတယ်။ 

မတ်လ ၃၁  ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ မြန်မာနိုင်ငံအပေါ်တခါမှ မသုံးဘူးတဲ့ “ပြင်းထန်စွာရှုတ်ချကြောင်း”ဆိုတဲ့စကားလုံးကို ပထမဦးဆုံးသုံးလာတာ ထူးခြားချက်ဖြစ်သလို ကြိုဆိုပါတယ်။

ဒါပေမဲ့ လက်ခံမူလစာသားတချို့ကိုတော့ ပြောင်းလဲဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဥပမာအနေနဲ့ပြောရရင် “စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာရူတ်ချကြောင်း” လို့ရေးထားပေမဲ့ စစ်အာဏာသိမ်းမှုအစား “အင်အားသုံးဖြေရှင်းမှုကို ပြင်းထန်စွာရူတ်ချကြောင်း”လို့ ပြောင်းခိုင်းပါတယ်။ ဒီလိုပိတ်ဆို့တားဆီးမှုတွေကြောင့် မြန်မာပြည်သူတွေမြင်ချင်တဲ့ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုမျိုးတွေ မပါဝင်လာဘဲ စိုးရိမ်မကင်းဖြစ်တာတွေပဲ ထပ်နေတဲ့ “ဆနွင်းမကင်း စတိတ်မန့်”တွေပဲ ထပ်ထွက်လာတာဖြစ်ပါတယ်။

ဗီတိုအာဏာဆိုတဲ့ဟာကွက် တကွက်ရှိနေတဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်ရင် လုံခြုံရေးကောင်စီမှာ ထိရောက်ပြင်းထန်တဲ့အရေးယူဆောင်ရွက်ဖို့အတွက် အခက်အခဲတွေကတော့ ရှိနေမှာပါဘဲ။ တရုတ်နဲ့ ရုရှားအနေနဲ့ မြန်မာနိုင်ငံအရေးကို အရေးယူလုပ်ဆောင်မှုတွေမလုပ်ခဲ့ရင် သူတို့အကျိုးစီးပွားတွေပါ ထိခိုက်မယ်ဆိုတဲ့စိတ်ဓါက်ကို ပြောင်းဖို့လိုပါတယ်။ သံတမန်နည်းအရ သိက္ခာကျနိုင်တာအပြင် သူတို့ရဲ့ကိုယ်ကျိုးစီးပွားကိုပါ ထိရောက်နိုင်တယ်ဆိုတာကို ပြဖို့လိုပါတယ်။  သံတမန်နည်းအရ နိုင်ငံတကာက လုပ်ဆောင်နိုင်သလို စစ်အုပ်စုကို ကာကွယ်ပေးခြင်းဟာ သူတို့ရဲ့အကျိုးစီးပွားအပေါ် ထိခိုက်နိုင်တယ်ဆိုတာ သိရှိနားလည်အောင် ပြည်သူတွေ လုပ်ပြဖို့ လိုပါတယ်။

လုံခြုံရေးကောင်စီက တရုတ်နဲ့ ရုရှားကို ကျော်နိုင်ဖို့ CRPH ရော၊ ‌ဒေါက်တာဆာဆာရော ဦးကျော်မိုးထွန်းတို့ကရော နိုင်ငံတကာဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး အဖြေရှာနေတယ်လို့ အင်တာဗျူးအသီးသီးမှာ ဖြေကြားသွားကြပါတယ်။ တိုင်ပင်မှုတွေလည်း ရှိပါပြီ။ အဖြေရှာနိုင်မယ့် လမ်းကြောင်းတွေရှိလာပြီး အကွက်စေ့စေ့လုပ်ဆောင်မယ်လို့ မျှော်လင့်မိပါတယ်။

တကယ်လို့ မြန်မာနိုင်ငံရဲ့အရေးကို လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ရုရှားကို ဖောက်ထွက်ပြီး အဖြေရှာနိုင်သည့်တိုင်အောင် နောင်အနာဂတ်မှာ “ဆနွင်းမကင်း စတိတ်မန့်”တွေနဲ့ ရွာမလည်နေဖို့အတွက် ကုလသမဂ္ဂရဲ့ ဗီတိုအာဏာကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာ အသေအချာပါပဲ။

အောင်မျိုးမင်း

2 years Ago
Up