အောင်ဘာလေအွန်လိုင်းထီ

September 16, 2021

အောင်ဘာလေအွန်လိုင်းထီရောင်းချရန် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ကိုင်လိုသည့် ကုမ္ပဏီ အများအပြားရှိနေ

အွန်လိုင်းကရောင်းချမယ့် အောင်ဘာလေထီအတွက် နည်းပညာပိုင်း ပံ့ပိုးပေးနိုင်မယ့် Service Provider လုပ်ငန်းအဖြစ်လုပ်ကိုင်လိုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းအများအပြားရှိနေတယ်လို့ စစ်ကောင်စီလက်အောက်ရှိ‌ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က ပြောပါတယ်။ 

စစ်ကောင်စီအနေနဲ့ ရောင်းအားကျဆင်းနေတဲ့ အောင်ဘာလေထီကို ထီစာရွက်စနစ်မှ အွန်လိုင်းစနစ်ဖြင့်ရောင်းချဖို့ ပြင်ဆင်နေပြီး နည်းပညာပံ့ပိုးပေးနိုင်မယ့် ကုမ္ပဏီအဖွဲ့အစည်းတွေ ကို စက်တင်ဘာ ၁၁ ရက်က စတင်ဖိတ်ခေါ်ထားတာပါ။

အဲဒီလို နည်းပညာကုမ္ပဏီတွေကို ဖိတ်ခေါ်ထားမှု အခြေအနေနဲ့ပတ်သက်ပြီး  “စိတ်ဝင်စားမှု အများကြီးရှိတယ်။ ဘယ်လောက်လျှောက်ထားပြီးလဲ ဆိုတာတော့ ပြောလို့မရသေးဘူး” လို့ ဦးမင်းထွဋ်က ပြောပါတယ်။ 

နည်းပညာ ပိုင်းပံ့ပိုးမှုပေးနိုင်မယ့် ကုမ္ပဏီ၊ အဖွဲ့တွေကို အောက်တိုဘာ ၁၅ ရက်အထိ စိတ်ဝင်စားမှုအဆိုပြုလွှာ EOIတင်သွင်းဖို့  ပြည်တွင်းအခွန်များဦးစီးဌာနကနေ‌ ကြေညာထားပါတယ်။ 

EOI တင်သွင်းပြီးရင် ‌လျှောက်ထားတဲ့ ကုမ္ပဏီတွေကို စိစစ်ပြီး နောက်ထပ် လုပ်ကိုင်လိုတဲ့ အဆိုပြုလွှာ ထပ်မံခေါ်ယူ ‌ရွေးချယ်မယ်လို့ ဦးမင်းထွဋ်က ဆက်ပြောပါတယ်။

ဒါပေမဲ့ အဲဒီထီစနစ်ဘယ်တော့စတင်နိုင်မယ်နဲ့ ဘယ်လောက်အထိ မျှော်မှန်းထားတယ်ဆိုတာနဲ့ ပတ်သက်လို့ သူက မဖြေကြားခဲ့ခြင်းမရှိပါဘူး။ 

NUG အစိုးရက အောင်လံလွှင့်ချီနွေဦးထီကို အွန်လိုင်းကနေ အောင်အောင်မြင်မြင်ရောင်းချနိုင်ခဲ့ ပြီးနောက် စစ်ကောင်စီကလည်း အောင်ဘာလေထီကို ခုလို အွန်လိုင်းကနေရောင်းချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

2 years Ago
Up