မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမျိုးသမီးနှစ်ယောက်ကို အကြမ်းဖက်ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်က ကြပ်ပြင်ကျေးရွာကို စစ်ကောင်စီတပ်တွေ လာရောက်ပြီး အမျိုးသားဖြစ်သူက PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုကာ သူ့ရဲ့အမျိုးသမီးကို လာရောက် ဖမ်းဆီးရာမှာ သံကြိုးနဲ့ပါ အကြမ်းဖက် ရိုက်နှက်စစ်ဆေးခဲ့ပြီး ရေထဲနှစ် စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
မတ္တရာနယ်ခံတဦးက "သူ့ယောက်ျားလေးကို မမိလို့လို့ ပြောတယ်။ သံကြိုးတွေနဲ့လည်း ရိုက်တယ်လို့လည်း ပြောတယ်။ တချို့ကလည်း သေတယ်လို့ပြောနေတာပဲ။ တချို့ကလည်း မသေဘူးပြောတာပဲ။ နောက်ဆက်တွဲတော့ မသိရသေးဘူး" လို့ ပြောပါတယ်။
အဆိုပါအမျိုးသမီးနဲ့အတူ အခင်းတဲရှိ တခြားအမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်ကိုလည်း ရိုက်နှက်စစ်ဆေးကာ အမျိုးသမီးနှစ်ယောက်လုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
လာရောက်ဖမ်းဆီးရာမှာ စစ်ကားလေးစီးနဲ့အတူ မတ္တရာမြို့ပေါ်ရှိ ပျူစောထီးအဖွဲ့ဝင်တွေပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁၇ ရက် မနက်ကလည်း ကျောက်ဆည်လေးကျေးရွာက နေအိမ်တလုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာတော့ အမှတ် ၃ ရပ်ကွက်ရှိ “နေလ” ကွမ်းယာဆိုင်အနီးမှာ ရွာငံမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ YUG အဖွဲ့ဝင် အမျိုးသမီး ၂ ဦးအပါအဝင် ရဲဘော် ၁၁ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းမှာ YUG မှ ရဲဘော် ၁၁ ဦးကို ကယားပြည်နယ်ဘက် သင်တန်းတက်ရောက်ဖို့ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက်မှ ရွာငံ-အောင်ပန်း လမ်းကြောင်းအတိုင်း ဆိုင်ကယ်တွေနဲ့ ထွက်ခွာလာစဉ် ဖမ်းဆီးရမိခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော်တွေကတော့ ကျော်ဇင်မင်း၊ အောင်ဇော်ထွေး၊ ဇော်နေဝင်း၊ အေးမင်းဖြိုး၊ ရဲလင်းနိုင်၊ အားမာန်ဖြိုး၊ ဒိုးဒိုးနိုင်း၊ သန်းဝင်းအောင် (ခ) မောင်လေး၊ ချောအိခိုင် နဲ့ မြတ်နိုးမေ တို့ဖြစ်ပြီး ၂၀၂၁ ခုနှစ် ၁၁ လပိုင်းမှ ၂၀၂၂ ခုနှစ် ၇ လပိုင်းအထိ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုပေါင်း ၁၂ ခုကို ပြုလုပ်ခဲ့ကြောင်း ရဲဘော်တွေက ထွက်ဆိုတယ်လို့ဆိုပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး YUG မှ အမျိုးသမီး ၂ ဦးအပါအဝင် ရဲဘော် ၁၁ ဦး ဖမ်းဆီး ခံလိုက်ရတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အတည်ပြုပြောဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ အနောက်ဘက်ရှိ YUG စခန်းကို သွားရောက်ရှင်းလင်းခဲ့ရာ လူနေမိုးကာတဲ ၅ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၇ လုံး၊ ၉ လုံးကျည် ၁၁ တောင့်၊ လက်လုပ်သေနတ် ၂ လက်၊ တူမီးသေနတ် ၂ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ လူငယ် ၃ ဦးကို ဒီဇင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တယ်တယ်လို့ မိသားစုအသိုက်အဝိုင်းကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ငှက်ပျောတော ကျေးရွာရှိ ပြည်သူတွေရဲ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးကာ လူငယ် ၃ ဦးကို ပစ်ခတ်ဖမ်းဆီးပြီး ရွာငံမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားတာပါ။
လူငယ် ၃ ဦးဟာ ဖမ်းဆီးခံလိုက်ရပြီး ၅ လအကြာမှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အပြင် အကြမ်းဖက်မှုပုဒ်မတွေနဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အလားတူ ဒီဇင်ဘာ ၁၄ ရက်ကလည်း ပင်းတယမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာလည်း ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ရိုးမဘဏ်လမ်းဆုံမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
အောင်ပန်းမြို့ ဒေသခံတဦးက “အောင်ပန်းမှာဆို ရိုးမဘဏ်လမ်းဆုံနဲ့ ဦးကောင်းစတိုး လမ်းတလျှောက်မှာ အဖမ်းအဆီးများတယ်။ အဲ့နေရာတွေမှာ လူငယ်တွေ ခဏခဏ အဖမ်းခံရတာ။ အခုလည်း ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို ဖမ်းတာ။ ဘာလို့ဖမ်းလဲ ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါ လူငယ် ၁၀ ဦးဟာ ဘာကြောင့်အဖမ်းခံရတာလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
အောင်ပန်းမြို့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံ ပြည်သူတွေ မကြာခဏ ဖမ်းဆီးခံနေရပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ လက်ရှိအချိန်အထိ လူငယ် အယောက် ၂၀ ထက်မနည်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။