အောင်ဆန်းအားကစားကွင်း

October 8, 2021

အောင်ဆန်းကွင်းကို မြေအောက်ဥမင်လမ်းထည့်သွင်း အဆင့်မြှင့်ရန် စစ်ခေါင်းဆောင်ပြော

အောင်ဆန်းအားကစားကွင်းကို မြေအောက်လမ်းကူး လူသွားဥမင်တွေနဲ့ ခုံးကျော်တံတားတွေ  ထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီပွဲတွေ ကျင်းပနိုင်ရေးအတွက် ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းနဲ့ ကျိုက္ကဆံအားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ်မှာ ခုလိုပြောကြားလိုက်တာပါ။ 

အောင်ဆန်းအားကစားဝင်အား ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်ရာမှာ နိုင်ငံတကာအဆင့်မီပွဲတွေ ကျင်းပနိုင်ရေး ထည့်သွင်း စဉ်းစား ဆောင်ရွက်ကြဖို့၊ ယာဉ်တွေ ရပ်နားရန်အတွက်နေရာတွေ၊ ပရိတ်သတ် ဝင်ထွက်သွားလာမှု အဆင်ပြေ စေရေးအတွက် ခုံးကျော်တံတားတွေနဲ့ မြေအောက်လမ်းကူး လူသွားဥမင်တွေ၊ ဘတ်စ်ကား မှတ်တိုင်တွေ ထည့်သွင်း တည်ဆောက်ဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ 

အာကစားကွင်းတည်ဆောက်နေချိန်မှာ လက်ရှိအားကစားကွင်းမှာ လေ့ကျင့်ရေး ဆောင်ရွက်နေတဲ့ အားကစားသမားတွေ အားကစားနည်းအလိုက် လေ့ကျင့်ရေး ဆောင်ရွက် နိုင်ရန်နေရာတွေ ကြိုတင်စဉ်းစား ဆောင်ရွက်ထားဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင် အောင်ဆန်းကွင်းကို လာရောက်စစ်ဆေးချိန်မှာတော့ အားကစားသမားတွေ တစ်ယောက်မှ ရှိနေတာ မတွေ့ရပါဘူး။  

အောင်ဆန်းအားကစားကွင်းဟာ နှစ်ပေါင်း ၁၁၂ နှစ် သက်တမ်းရှိပြီဖြစ်ပြီး အရင်က အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ သမိုင်းဝင် အားကစားပြိုင်ဝင်းတစ်ခုဖြစ်ပေမဲ့ ယခင် နဝတ စစ်အစိုးရလက်ထက်က ဘောလုံးကွင်းထဲ ဆင်ခင်းသဘင်နဲ့ မြင်းခင်းသဘင်တွေ ကျင်းပခဲ့ရာက အားကစားကွင်း စတင်ပျက်စီးသွားခဲ့ပါတယ်။

အောင်ဆန်းအားကစားဝင်းအား ၁၉၀၆ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး မူလအမည်မှာ BAA (Burma Athletic Association Ground) အဖြစ်ရှိခဲ့ရာက ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်မှာ အောင်ဆန်းအားကစား ပြိုင်ဝင်း အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ မနေ့က ရန်ကုန်မြို့တော်ခန်းမမှာ ရန်ကုန်တိုင်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တွေ့ဆုံပြီး Green City ၊  Clean City ဖြစ်အောင် ဆောင်ရွက်ဖို့နဲ့  နည်းပညာတွေနဲ့ ပေါင်းစပ်ကာ  Smart City အဆင့်သို့ ရောက်ရှိအောင်လုပ်ဆောင်ဖို့ တိုက်တွန်း သွားပါတယ်။ 

Photo-MIO/DSINFO

1 year Ago
Up