အောင်စာရင်း

A d v e r t i s e m e n t With Us

June 13, 2020

သူငယ်တန်း မှ န၀မတန်းအထိ အောင်စာရင်းများ ထုတ်ပြန် (ဓာတ်ပုံ)

ကိုဗစ်-၁၉ ကြောင့် ၂ လကျော်ကြာ နောက်ကျခဲ့တဲ့ အခြေခံပညာကျောင်းတွေရဲ့ အတန်းတင် အောင်စာရင်းတွေကို ဇွန် ၁၃ ရက်နေ့က မြို့နယ်အသီးသီးရှိ ကျောင်းတွေမှာ ထုတ်ပြန် ကြေညာပါတယ်။ ထုတ်ပြန်ခဲ့တဲ့ အ‌တန်းတွေက သူငယ်တန်း မှ န၀မတန်းအထိ ဖြစ်ပြီး တက္ကသိုလ်၀င်တန်း စာမေးပွဲပါ၀င်ခြင်း မရှိသေးဘူး။ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်စာရင်းတွေကိုတော့ လာမယ့် ဩဂုတ်လ နှောင်းပိုင်းလောက်မှသာ ထုတ်ပြန်နိုင်မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။ နှစ်စဉ် ဇွန်လနဲ့ ဇူလိုင်လတွေမှာ ဆယ်တန်းအောင်စာရင်းတွေကို ထုတ်ပြန်ကြေညာလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် အဖြေလွှာစစ်ဆေးမှုတွေကို နောက်ကျ လုပ်ဆောင်ခဲ့ရတာလို့ ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားထားပါတယ်။   Photo - Kaung Zaw Hein / MPA
9 months Ago

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဩဂုတ်လနှောင်းပိုင်းမှ ထုတ်ပြန်နိုင်မည်

တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်စာရင်းတွေကို လာမယ့် ဩဂုတ်လနှောင်းပိုင်းလောက်မှသာ ထုတ်ပြန်နိုင်မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။ နှစ်စဉ် ဇွန်လနဲ့ ဇူလိုင်လတွေမှာ ဆယ်တန်းအောင်စာရင်းတွေကို ထုတ်ပြန်ကြေညာလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် အဖြေလွှာစစ်ဆေးမှုတွေကို နောက်ကျ လုပ်ဆောင်ခဲ့ရတာပါ။  ဒါ့ကြောင့် အောင်စာရင်းကိုလည်း နောက်ကျမှ ထုတ်ပြန်နိုင်မယ်လို့ ဇွန်လ ၁၂ ရက်က နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစိုးရသတင်းစာရှင်းလင်းပွဲအပြီးမှာ ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့တာပါ။ “လုပ်နေကျ အစီအစဉ်အတိုင်းပဲ ဆောင်ရွက်နေတယ်။ အခုအချိန်ကာလက ရွေ့သွားတယ်။ ရွေ့သွားတော့ အောင်စာရင်းထွက်တဲ့အချိန်ကလည်း ရွေ့ပြီပေါ့နော်။ အဲ့ဒီတော့ ဝန်ကြီး အမိန့်ရှိသလိုပဲ ဩဂုတ်လ နောက်ပိုင်းမှပဲ မှန်းလို့ရမယ်။” ဆယ်တန်းအဖြေလွှာတွေ စစ်ဆေးမှုကို အခု ၅ ရက်နေ့ကနေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပြီး အဆင့်ဆင့်ဖြတ်သန်းမှုက နှစ်လခန့် ကြာမြင့်တယ်လို့ ဆိုပါတယ်။  အောင်စာရင်းတွေ ထုတ်ပြန်ရာမှာလည်း ကိုဗစ်-၁၉ အခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန စာစစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။ ဦးမျိုးညွန့်က “တကယ်လို့ COVID ရဲ့ Social distancing ရှိနေမယ်ဆိုရင်တော့ ဝဘ်ဆိုဒ်တမျိုးတည်းက ထုတ်မယ်။ တကယ်လို့ Social distancing အရ ဒီကာလကြီး ပြီးသွားပြီဆိုရင် ပုံမှန်အတိုင်း ကြေညာမယ်” လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ကာလကို အချိန်မီ ပြီးစီးအောင် ဖြေဆိုခဲ့ရတဲ့ အခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူပေါင်း ၉ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
9 months Ago

May 29, 2020

အခြေခံပညာကျောင်းများ၏ အောင်စာရင်း ဇွန်လ ၁၃ ရက်နေ့ ထုတ်ပြန်မည်

အခြေခံပညာစာသင်ကျောင်းတွေရဲ့ အောင်စာရင်းတွေကို ဇွန်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး  လူစုလူဝေးမဖြစ်အောင် ကြီးကြပ်ဆောင်ရွက်သွားမယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးကိုလေးဝင်း ပြောပါတယ်။  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းတွေရဲ့ စာမေးပွဲအောင်စာရင်းတွေကို ထုတ်ပြန်ဖို့ နောက်ကျနေခဲ့တာ ဖြစ်ပါတယ်။ အခုလို အောင်စာရင်းထုတ်ပြန်နိုင်ဖို့အတွက် အမှတ်ခြစ်ဖို့ကျန်ရှိနေတဲ့ စတုတ္ထတန်းနဲ့ အဌမတန်းစာမေးပွဲ အဖြေလွှာတွေကို လာမယ့်တစ်ပတ်အတွင်းမှာ စစ်ဆေးသွားမှာဖြစ်ပါတယ်။ အခြေခံပညာစာသင်ကျောင်းတွေရဲ့ အောင်စာရင်းတွေကို သက်ဆိုင်ရာကျောင်းအလိုက် မိမိတို့ကျောင်းတွေမှာ ထုတ်ပြန်ကြေညာတာဖြစ်ပြီး အခုလို ထုတ်ပြန်ချိန်မှာ လူစုလူဝေး မဖြစ်ပေါ်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အခြေခံပညာစာသင်ကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး အထက်တန်းအဆင့်အတန်းတွေကို စတင်သင်ကြားသွားမှာဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန်မှာ ကျောင်းသားတွေ ကျောင်းကိုလာတဲ့အချိန်ကနေစပြီး ကျောင်းမှာ စာသင်နေတဲ့အချိန်၊ ကျောင်းဆင်းတဲ့ချိန်အထိ လိုက်နာရမယ့်စည်းကမ်းချက်တွေနဲ့ မိဘတွေ ဆရာတွေ လိုက်နာရမယ့်စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ ကျောင်းပြန်ဖွင့်တဲ့အခါမှာ ဆရာ/ ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေနဲ့ ပညာရေးဝန်ထမ်းတွေကို နှာခေါင်းစည်း Mask တွေ၊ မျက်နှာအကာတွေ၊ အပူချိန်တိုင်းကိရိယာတွေ၊ ဖြန့်ဝေပေးသွားမှာဖြစ်သလို ကျောင်းတွေအလိုက် လက်ဆေးဘေစင်တွေ၊ လက်သန့်ဆေးရည်တွေနဲ့ ဆပ်ပြာတွေ ထားရှိပေးသွားမှာ ဖြစ်ပါတယ်။  မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၄၈၀၀၀  ကျော်ရှိပြီး ကျောင်းသား/ကျောင်းသူ ၉ ဒသမ ၇ သန်း တက်ရောက်ပညာသင်ကြားနေပါတယ်။
9 months Ago
Up