အောင်စည်ရွမ်း၍

September 8, 2021

အောင်စည်ရွမ်း၍ စစ်မောင်းသံချီ မော်ကွန်းဆီသို့

၂၀၂၁ ခုနှစ်၊ ၇ ရက်၊ စက်တင်ဘာ။ ဒီနေ့ မြန်မာပြည်သူအားလုံးရဲ့ နှလုံးသားတွေ စစ်ထဲခုန်ချလိုက်တဲ့နေ့။ နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်အကြမ်းဖက်စစ်မိစ္ဆာတွေရဲ့ ကျွန်ပြုချယ်လှယ်ခံဘဝကနေ ရုန်းထွက်လိုက်တဲ့နေ့။ ကိုယ့် အနာဂတ်အတွက် ကိုယ်တိုင် စီရင်ခွင့်ရဖို့ လူထုလက်ရုန်းတွေဆန့်တန်းလိုက်တဲ့နေ့။ ဒီနေ့…။ ငါတို့သွေးကြောထဲမှာ နွေဦးတော်လှန်ရေး စီးဆင်းနေတဲ့နေ့ပေါ့။

ခုခံတွန်းလှန်ခြင်းရဲ့ခြေသံတွေက မြင်းခွာသံလို “တဖြောင်းဖြောင်း”နဲ့ မာန်ဟုန်ပြင်းလွန်ပါဘိ။ ကျေးလက်မြို့ပေါ်အနှံ့ တော်လှန်ရေးခြေလှမ်းတွေက ‘ဘင်သံ’နဲ့အတူ စည်းချက်ကျကျပေါ့။ မော့ထား၊ မာန်ဝင့်ထားတဲ့ ဦးခေါင်းတွေကလည်း ဝံ့ဝံ့ကြွားကြွား။ ငါတို့နှလုံးခုန်သံဟာ ငါတို့ရဲ့တိုက်မောင်းသံပဲ။ တော်လှန်စစ်ကိုဟစ်ကြွေးကြမယ်။

တော်လှန်ရေးလှိုင်းလုံးတွေနဲ့ မည်းညစ်တဲ့စစ်ခွေးသွေးတွေကို ကျေးလက်မြို့ရွာအနှံ့ ဆေးကြောကြမယ်။ ရန်သူ ကျည်ဆန်ပျား  တော်လှန်မီးတုတ်ကြားမှာ မျိုးသုဉ်းသွား လိမ့်မယ်။

ကြည့်ကြစမ်းဟေ့ …။ စစ်မိစ္ဆာတို့ကောင်းကင်ဟာ တအိအိပြိုကျနေပြီ။ တဒိတ်ဒိတ်ခုန်နေတဲ့ ငါတို့ရင်အုံက တိုက်မောင်းသံတွေ ခုန်ထွက်လာနေတယ်။ ဒီလမ်းကိုရွေးလိုက်ကတည်းက နောက်ပြန်လှည့်ဖို့အကြောင်းမရှိဘူး။ လေးညှို့ကလွှတ်တဲ့ မြားတစင်လို အဟုန်ပြင်းပြင်းနဲ့ တဖြောင့်တည်းချီတက်ကြမယ်။

‘လမ်းဆုံလမ်းခွမှာ တွေဝေနေသူအပေါင်းတို့’…။ ခွေးငတ်တကောင်လို စစ်ကျွန်ဘဝကို တမ်းတနေတုန်းလား။ စစ်မိစ္တာတို့ရဲ့ကောင်းကင်ဟာ မည်းမည်းမှောင်မှောင်ထဲမှာ ကြယ်တပွင့်ကို တွေ့လိုတွေ့ငြားရှာနေတာလား။ အမြီးကုပ်နေတဲ့ခွေးဝဲစားတကောင်လို လမ်းလယ်ကောင်မှာ မျက်စေ့လယ်နေသလား။ မင်းကတော့ ဘဝမှာ အကာပြဲ့ပြဲ့ အနှစ်မဲ့လို့။ စစ်မိစ္ဆာပေးမယ့် အရိုးတချောင်းကို  အာသာငမ်းငမ်းစောင့်မျှော်ရင်း အမှောင်ထဲမှာကျန်နေခဲ့ပြီ။

ဟေး..။ ချေးတွင်းထဲမှာပျော်တဲ့ လောက်ကောင်တို့…။ မင်းတို့ကိုယ်မင်းတို့ အသားထဲက ထွက်တဲ့လောက်လို့ ထင်နေလား။ ဆိုးသွမ်းတဲ့ လူ့အန္ဓတို့၊ မင်းတို့မှာ ‘သစ္စာနဲ့အကြင်နာ’ကိုနားမလည် ချေးတွင်းမှာပျော်တဲ့ လောက်ကောင်တွေ။ စာနာစိတ်နဲ့ မင်းတို့ပျော်ရာ ချေးတွင်းထဲက ကယ်ထုတ်ဖို့ ငါတို့ လက်ကမ်းကြိုဆိုဖို့ ကြိုးစားဖူးရဲ့။ ကယ်မရတဲ့အဆုံးတော့ ချေးတွင်းထဲမှာပဲနေရစ်ခဲ့ကြတော့။ ငါတို့အားလုံး ရှေ့ဆက်ချီတက်ကြပြီ။

အဲ့ဒီကမ္ဘာဟောင်းက ပြိုကျပျက်စီးလို့။ လွတ်လပ်မှုနဲ့ ပျော်ရွှင်ကြည်မွေ့ဖွယ်ရာ ကမ္ဘာသစ်ဆီ ချီတက်ကြမယ်။ အတူလက်တွဲ လိုက်ပါမယ့်သူအပေါင်းကို ဖေးမခေါ်ယူ ကူပံ့ကြမယ်။ 

ရဲဘော်တို့…။ တော်လှန်ရေးသူရဲကောင်းအပေါင်းတို့...။ မင်းတို့ဦးခေါင်းကို မတ်မတ်ထားပြီးချီတက်ကြလော့။ မင်းတို့ခေါင်းကို အနော်ရထာထက် မြင့်တဲ့နေရာထားလိုက်ပါ။ မင်းတို့အားလုံးရဲ့ခေါင်းဟာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျခေါင်းထက်လည်း မြင့်မားနေပါစေ။ စစ်မိစ္ဆာတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ခေတ်ကို မင်းတို့ လွတ်လပ်မှုနဲ့ ချယ်သ၊ တန်ဆာဆင်ကြမယ်။ မင်တို့လက်တွေနဲ့ မင်းတို့လွတ်မြောက်ရေးမှတ်တိုင်ကို မတ်ခိုင်အောင် စိုက်ထူကြမယ်။

‘အကျဉ်းတိုက်ထဲမှာ မတရားအပိတ်လှောင်ခံနေရတဲ့ ရဲဘော်တို့…။ ငါတို့ဟစ်ကြွေးနေတဲ့အသံကိုကြားပါစ။ ငါတို့ရဲ့ တော်လှန်ရေး တံပိုးခရာသံဟာ သမုဒ္ဒရာတွေကို လှိုင်းထန်စေခဲ့တယ်။ ရိုးမတောင်တကြောလုံး ပဲ့တင်ရိုက်ခတ် မြည်ဟီးလို့ လူမျိုးစုအားလုံး တပြိုင်တည်းစုရုံးလာကြတယ်။

အကျဉ်းခံမိတ်ဆွေတို့ရေ..။ တကယ်တော့ မင်းတို့ခင်းတဲ့လမ်းပေါ် ငါတို့လျှောက်နေကြတာပါ။ ကြမ်းတမ်းမှန်း သိပေမဲ့ ဒီလမ်းကိုပဲ ကျေကျေနပ်နပ်လျှောက်ဖို့ ရွေးချယ်လိုက်တယ်။ ငါတို့ စစ်ချီသံတွေကြားပါစ။ တောင်ပေါ် မြေပြန့်မကျန် တံပိုးခရာသံတွေ သံပြိုင်ထွက်လို့ တပ်လှန့်သံပေးနေကြတယ်။

နရသိမ်မှာ ‘သိမ်ဝင်’နေတဲ့ ရဲဘော်တို့ရေ…။ ငါတို့ရဲ့ထန်ပြင်းတဲ့ လက်ရုံးတွေနဲ့ လေးလံတဲ့သံခြေကျင်းတွေ ကျိုးပြတ်သွားစေရမယ်။ အကျဉ်းထောင်နံရံတွေ ပြိုကျပျက်စီးလို့ ယိုင်လဲသွားစေရမယ်။ ပြီးတော့ လွတ်လပ်ခြင်းကို အကျဉ်းထောင်တံခါးဝမှာ ကြိုဆိုကြမယ်။ အပြင်မှာ ကျန်ရစ်ခဲ့တဲ့ မင်းတို့ ဓားတွေကိုလည်း ပြန်လည်အပ်နှင်းပါ့မယ်။ မင်းတို့ ဦးဆောင်မှုနဲ့အတူတွဲလို့ တော်လှန်ရေး အလံကိုလွှင့်ထူကြမယ်။

တော်လှန်ရေးသံယောဇဉ်မကုန်ခန်းဘဲ လမ်းခုလတ်မှာ မလွဲမရှောင်သာ ထွက်ခွာသွားတဲ့ ရဲဘော်တို့ရေ…။ ပြန်မဆုံနိုင်မှန်းသိပေမယ့် မင်းတို့လိပ်ပြာ ငါတို့ထံပါးနားခိုပါစေကွယ်။ ငါတိုပုခုံးထက်မှာ သန့်စင်တဲ့မင်းတို့ဝိဉာဉ် ပူးကပ်ပါစေ။ ငါတို့လက်တွဲတိုက်နေကြတာပဲမ ဟုတ်လား။ ပြည်သူ့ရင်ပြင်မှာ အောင်လံစိုက်ထူမှအမျှဝေပါမယ်။ ဒီအခါတာဝန်မကျေနိုင်တဲ့ ငါတို့ကို အပြစ်တင်မာန်မဲလိုက်စမ်းပါ။ မင်းကို မကာကွယ်နိုင်ခဲ့တဲ့ငါတို့ အားနည်းချက်အတွက် ကျေနပ်သည်အထိ တောင်းပန်ပါ့မယ်။ အခုတော့ ငါတို့စစ်ချီတေးနဲ့အတူ မင်းတို့ဝိဉာဉ်ရှင်သန်နေမှာပါ။

ပြည်တွင်းစစ်ဆိုတာ အထူးအဆန်းတော့မဟုတ်ဘူးကွဲ့။ အဓမ္မကို ဓမ္မနဲ့ယှဉ်ပြိုင်တာ။ လူစိတ်ကင်းမဲ့တဲ့ အကြမ်းဖက်ရမ်းကားမှုကို  တရားစစ်နဲ့မောင်းထုတ်တာ။ လူတစုကို လူထုအားနဲ့ မောင်းထုတ်တာကိုခေါ်သကွဲ့။

ရဲဘော်တို့ တော်လှန်ရေးသူရဲကောင်းအပေါင်းတို့…။ ငါတို့ဟာ တောတောင်ထဲ လှည့်လည်ကျက်စားနေတဲ့ ဂျစ်ပစီတွေမဟုတ်ဘူးကွဲ့။ အာဏာရှင်ကို အမြစ်ဖြုတ်မယ့် နွေဦးတော်လှန်ရေးသမားတွေလေ။ ‘လောကတ္ထစရိယာ’ ကျင့်ဝတ်ကို ဖြည့်ဆည်းနေကြတဲ့ ‘ပရောမီးသီးယာပ်’တွေပဲ။

ရဲဘော်တို့ တော်လှန်ရေးသူရဲကောင်းအပေါင်းတို့၊ မင်းတို့ တင်းတင်းဆုပ်ထားတဲ့ ဓားဟာ နိုင်ငံရဲ့‘ နှုတ်ခမ်းသားနယ် ’(Rim Land)မြေမှာတင် မရောင့်ရဲလေနဲ့။ ရန်သူရဲ့‘နှလုံးသားနယ်’(Heartland )ကို ဓားဦးကင်းနဲ့အလျင်းမပြတ်ထိုးစိုက်ဖို့ပဲ။ ကျေးလက်ကိုအခြေခံကြ။ မြို့ပြနှလုံးသားနယ်ကို ဓားဦးကင်းထိုးစိုက်ကြလော့။ လမ်းမှားနေသူတို့ရဲ့ မျက်လုံးအိမ်တွေကို နေတစင်းဖြစ်တဲ့ ပြည်သူ့ကာ ကွယ်ရေးအင်အားစုဆီ  ဖူးမြော်ခွင့်ပြုလိုက်ပါ။ သူတို့အားလုံး လမ်းမှန်ပေါ်ရောက်လာလိမ့်မယ်။  

ဒက်..ဒက်…ဒက်…ဒက်…။ ရဲဘော်တို့ရဲ့ ပစ်ခတ်သံ နားဝင်ပီယံဖြစ်ရဲ့။ ရဲဘော်တို့ရဲ့ လမ်းပြကျည်ဆန်က စုံလုံးကန်းတို့ကို အမြင်မှန်ရစေလိမ့်မယ်။ ရဲဘော်တို့ရဲ့ သေမင်းတမာန်ငွေကျည်ဆန်က ‘လောကတ္ထစရိယာ’ကျင့်ဖို့ လမ်းညွှန်လာပါလိမ့်မယ်။

တန်ဖိုးထားရတဲ့ မိဘပြည်သူအပေါင်းတို့…။ ရပ်နီးရပ်ဝေး ပြည်တွင်း ပြည်ပ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နွေဦးအောင်လံကိုစောင့်ကြိုသူတို့ရေ…။ နွေဦးတော်လှန်ရေး သူရဲကောင်းတို့ရဲ့ လက်ခမောင်း ခတ်သံများ ကြားမြင်ထိတွေ့ သိရှိကြပြီမို့ နိုင်ရာဝန်ကိုထမ်းပိုးလို့ သောင်းသောင်ဖျဖျ ကြိုဆိုရင်း….. “အောင်စည်ရွမ်း ကြလော့…။ ပြည်တော်ဝင်ခန်းရောက်နေပြီ။”

နွေဦးတော်လှန်ရေး သူရဲကောင်းအပေါင်း တရားစစ်အောင်မြင်ပါစေ။

 ( ၇.၉.၂၀၂၁နေ့ ‘အမျိုးသားညီညွတ်ရေးအစိုးရ’၏ အရေးပေါ်ကြေညာချက်အား အောင်စည်ရွမ်း၍ စစ်မောင်းသံချီ မော်ကွန်းတင်လိုက်ရပါကြောင်း။)

ဂန္ထဝင်မောင်ထူး

1 month Ago
Up