အောက်လွှတ်တော်ဥက္ကဋ္ဌ

July 14, 2020

မလေးရှား အောက်လွှတ်တော်ဥက္ကဋ္ဌ အစားထိုးရေး ကြိုးပမ်းမှုတွင် ဝန်ကြီးချုပ် မူဟစ်ဒင်ယာဆင် အနိုင်ရ

အောက်လွှတ်တော်ဥက္ကဋ္ဌကို အစားထိုးရေး ကြိုးပမ်းမှုမှာ လွှတ်တော်ရဲ့ ထောက်ခံ ပံ့ပိုးမှုကိုရပြီး မလေးရှားဝန်ကြီးချုပ် မူဟစ်ဒင်ယာဆင်က ဇူလိုင် ၁၃ ရက်မှာ အနိုင်ရသွားပါတယ်။ အစိုးရ လုပ်ငန်းတွေနဲ့ မူဝါဒတွေကို တွန်းလုပ်ဖို့ ဝန်ကြီးချုပ်က လွှတ်တော်ရဲ့ ထောက်ပံ့မှုကို ဘယ်လောက်စုစည်းနိုင်လဲဆိုတဲ့ တကယ့် ပထမဆုံး စမ်းသပ်ချက်လို့လည်း ရိုက်တာသတင်းဌာနက သုံးသပ်ရေးပါတယ်။ အရှေ့တောင်အာရှရဲ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံ မလေးရှားဟာ နိုင်ငံရေး မသေချာမှုတွေကို ရင်ဆိုင်နေရတာပါ။ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ရဲ့ အစိုးရ အဖွဲ့ဝင်ဟောင်း မူဟစ်ဒင်ဟာ မတ်လမှာ မထင်မှတ်ဘဲ ဝန်ကြီးချုပ် ဖြစ်လာပြီး အရင်အစိုးရက ခန့်အပ်ခဲ့တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမဒ်အာရစ်ဖှ်ယူဆွတ်ဖ်ကို ဖယ်ရှားဖို့ ကြိုးစားချက်ဟာ ထောက်ခံမဲ ၁၁၁ မဲ၊ ကန့်ကွက်မဲ ၁၀၉ မဲနဲ့ အနိုင်ရခဲ့ပါတယ်။ ကြားနေ ၁ မဲနဲ့ ပျက်ကွက် ၁ မဲ ရှိခဲ့ပြီး သူ့ရဲ့ နိုင်ငံရေးအင်အားကို မေးခွန်းထုတ်နေကြချိန်မှာပဲ ၂ မဲအသာနဲ့ အဆုံးအဖြတ် ပေးခဲ့တာပါ။  လွှတ်တော်ဥက္ကဋ္ဌသစ်အနေနဲ့ အရင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သူ အဇာအဇစ်ဇန်ဟာရွန်ကို ရွေးချယ်လိုက်ကြပါတယ်။ ဝန်ကြီးချုပ် မူဟစ်ဒင်ဟာ ဒီနှစ်ကုန်ပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီး ပိုခိုင်မြဲတဲ့ လုပ်ပိုင်ခွင့်ရဖို့ ကြိုးစားနေတယ်လို့ စင်ကာပူ အခြေစိုက် စထရိတ်တိုင်းမ်စ် သတင်းစာမှာ ပြီးခဲ့တဲ့ဇွန်လက ရေးသားခဲ့ပါတယ်။
1 year Ago
Up