အောက်ဆီဂျင်ပြတ်လပ်သေဆုံး

October 10, 2021

ဘားအံမြို့၌ မိသားစုဝင်အမျိုးသမီး ၄ ဦး ဗုံးခိုကျင်းအတွင်း အောက်ဆီဂျင်ပြတ် သေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အောက်ကော့ရင်းကျေးရွာအုပ်စု၊ စိမ့်ပိုင်း(ကနစိုးကုန်း)ကျေးရွာမှာ အောက်တိုဘာ ၉ ရက်က မိသားစုဝင် အမျိုးသမီး ၄ ဦး ဗုံးခိုကျင်းအတွင်း အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အနက် ၆ ပေ၊ အကျယ် ၁၄ ပေ၊ ဝင်ပေါက် ၂ ပေအကျယ်ရှိ ဗုံးခိုကျင်းထဲ သေဆုံးနေတဲ့ မိသားစုဝင် အမျိုးသမီး ၄ ဦးကို ဒေသခံတွေ တွေ့ရှိခဲ့ပြီး အလောင်းတွေကို ခက်ခက်ခဲခဲ သယ်ထုတ်ယူခဲ့ရတယ်လို့ မျက်မြင် ရွားသားတစ်ဦးက ပြောပါတယ်။

ဗုံးခိုကျင်းအတွင်း အ​ရေးပေါ် စားနပ်ရိက္ခာတွေဖြစ်တဲ့ မီးဖိုချောင်သုံး ပစ္စည်တွေကို ​ကြာရှည်ခံဖို့နဲ့ ပိုးမတက်အောင် ခြင်ဆေးဖျန်းကာ ကျင်းထဲအဖုံးပိတ်ထားခဲ့တာပါ။

စပါးစိုက်ရာသီ လယ်ထဲ ဆင်းပြောင်းရွှေ့နေထိုင်ဖို့ သိမ်းထားတာတွေ ထုတ်ယူဖို့ မိသားစုဝင် ၁ ဦး ဗုံးခိုကျင်းထဲ ဆင်းသွားတိုင်း အသံမကြားရတဲ့အတွက် စိတ်ပူပြီး မိသားစုဝင် ၄ ယောက်အထိ ဆင်းကြည့်ခဲ့ရာက  ၄ ဦးလုံး အောက်ဆီဂျင်ပြတ် သေဆုံးခဲ့တာပါ။

သေဆုံးသူ ၄ ဦးကို အိမ်နီးချင်း ရွာသား ၁ ဦးက ကူညီကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ အသက်ရှူကြပ်ပြီး အောက်ဆီဂျင်ကျခဲ့တဲ့အတွက် ဘားအံဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှုခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဘားအံဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “အောက်ဆီဂျင်ပြတ်ပြီး အမျိုးသမီး ၄ ဦးလုံး သေဆုံးသွားတာ။ အမျိုးသားတစ်ဦးကတော့ ဆေးရုံမှာ ကုသမှုပေးထားတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ  တိုက်ပွဲတွေ ဖြစ်နေပြီး တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ အသက်အန္တရာယ်လုံခြုံဖို့ ဗုံးခိုကျင်းတွေ အသင့်လုပ်ဆောင်ထားရသလို စားသောက်ရေးအတွက် ကြိုတင်စုဆောင်းထားရပြီး နေ့စဥ် စိုးရိမ်မှုနဲ့ ရှင်သန်နေရတယ်လို့  အရပ်ဘက် လူမှုအဖွဲ့အစည်းမှာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

1 year Ago
Up