အေအေစစ်ဦးစီးချုပ်၏ ဇနီးနှင့်သားသမီးများကို ဘန်ကောက်လ၀ကသို့ ပို့ဆောင်စစ်ဆေး

February 26, 2020

အေအေစစ်ဦးစီးချုပ်၏ ဇနီးနှင့်သားသမီး ၂ ဦး ဆွစ်ဇာလန်တွင် သွားရောက်ခိုလှုံ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ လ၀ကရုံးမှာ ၃ လနီးပါးဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အေအေ စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ လူမမယ်ကလေး ၂ ဦးတို့ ဖေဖော်ဝါရီ ၂၅ ရက်က  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အစီအစဉ်နဲ့ တတိယနိုင်ငံကို ထွက်ခွာခွင့်ရသွားပြီ ဖြစ်ပါတယ်။  ဖေဖော်ဝါရီ ၂၅ ရက် မနေ့ညနေပိုင်းက ဘန်ကောက်မြို့ သုဝဏ္ဏဘုမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တတိယနိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံကို ထွက်ခွါသွားပြီလို့  ချင်းမိုင်အခြေစိုက် ထိုင်း ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။   “သူတို့သားအမိတွေ  UNHCR အစီအစဉ်နဲ့ ဆွစ်ဇာလန်နိုင်ငံမှာ နေထိုင်ခွင့်ရသွားပြီ၊ မနေ့ညနေကဘဲ   ထွက်သွားပြီ၊ အသေးစိတ်တော့ မသိရဘူး ” အေအေခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇာဖြူ (၃၉ နှစ်) သမီးကြီး စောပြည့်ရှင် (၁၁ နှစ်) နဲ့ သားငယ် မြတ်လင်းဇင် (၁၁ လ) တို့ဟာ  ၂၀၁၉ ဒီဇင်ဘာ ၄ ရက်က ချင်းမိုင်လ၀ကရုံးမှာ ဗီဇာသက်တမ်းလာတိုးစဉ် သူတို့ရဲ့ပတ်စပို့စ်စာအုပ်တွေကို မြန်မာအစိုးရက ရုပ်သိမ်းလိုက်ပြီလို့ အကြောင်းကြားလာတဲ့အတွက်  နိုင်ငံထဲ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။  ထိုင်းလဝကရဲက သူတို့သားအမိကို ကနဦးက ချင်းရိုင်းခရိုင်ကို ခေါ်ဆောင်ပြီး မယ်ဆိုင်- တာချီလိတ်ချစ်ကြည်ရေးတံတားကနေ မြန်မာအစိုးရလက်ထဲ ပြန်အပ်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ မြန်မာအစိုးရလက်ထဲရောက်သွားရင် ရခိုင်ပြည်နယ်ပဋိပက္ခပို မိုဆိုးရွားစေမှာဖြစ်ကြောင်း ပြည်ပရောက် ရခိုင်အဖွဲ့အစည်းတွေကရော၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ပြန်မပို့ဖို့ တောင်းဆိုခဲ့ကြပါတယ်။
2 years Ago

December 9, 2019

အေအေစစ်ဦးစီးချုပ်၏ ဇနီးနှင့်သားသမီးများကို ဘန်ကောက်လ၀ကသို့ ပို့ဆောင်စစ်ဆေး

ရခိုင်တပ်တော် (အေအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သားသမီးတွေကို ပြည်နှင်ဒဏ်မပေးရသေးဘဲ ဘန်ကောက် လ၀ကအချုပ်ခန်းသို့ ခေါ်ဆောင်လာပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေတယ်လို့  ချန်နယ် ၁၈ ထိုင်းရုပ်သံ သတင်းမှာဖော်ပြပါတယ်။  အေအေစစ်ဦးစီးချုပ်ရဲ့ ဇနီးဖြစ်သူ  မနှင်းဇာဖြူ (၃၈ နှစ်) ၊ သမီး စောပြည့်ရှင် (၁၁ နှစ်) နဲ့ သား မြတ်လင်းဇံ (၁၁ လ) တို့ကို ထိုင်းနိုင်ငံထဲ တရားမဝင် - ဝင်ရောက်နေထိုင်မှုနဲ့ ချင်းမိုင်လ၀က ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် သူတို့သားအမိကို  မြန်မာနယ်စပ် ချင်းရိုင်းခရိုင်သို့ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင် လာပြီး မြန်မာအာဏာပိုင်တွေလက်ထဲ ပြန်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။  ဒါပေမယ့် သူတို့သားအမိကို မြန်မာအာဏာပိုင်တွေလက်ထဲ အပ်လိုက်ရင် အရေးယူ ထောင်ချ ခံရမှာဖြစ်ကြောင်း၊ အဲဒီလို ထောင်ချလိုက်ရင် ရခိုင်ပြည်နယ်အရေးဟာ အခြေအနေ ပိုဆိုးလာမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးလာတာကြောင့် ပြည်နှင်ဒဏ်မပေးရသေးဘူးလို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒု-ပြောရေးဆိုခွင့်ရှိသူ ဒုရဲချုပ် ကရစ္စနား ဖတ်ထနကျရွန်းကေ သတင်းထောက် တွေကို ပြောပါတယ်။ လောလောဆယ် သူတို့မိသားစုကို ဘန်ကောက်သို့ခေါ်ဆောင်လာပြီး ထိုင်းလ၀က ရုံးချုပ် အချုပ်ခန်းမှာ ထိန်းသိမ်းထားကြောင်း၊ သူတို့မိသားစုဟာ သက်ဆိုင်ရာနိုင်ငံက အလိုရှိနေတဲ့သူ ဟုတ်မဟုတ် စစ်ဆေးမေးမြန်းနေတယ်လို့ ထိုင်းဒုရဲချုပ်က ပြောပါတယ်။  ကိုးကား- Newtv၊ Source: https://www.newtv.co.th/news/45739 
2 years Ago
Up