အသေးစား အလတ်စား အာဏာရှင်တွေ ရှိနေဆဲပါ

August 1, 2017

အသေးစား အလတ်စား အာဏာရှင်တွေ ရှိနေဆဲပါ

  အိတ်ဖောင်းရင် စိတ်ပြောင်းတတ်တယ်ဆိုတဲ့စကားပုံကို လူအတော်များများသိ ကြပါတယ်။ စကားပုံရဲ့ ဆိုလိုချက်ကလည်း ငွေမရှိတဲ့အခါ စိတ်ထားတစ်မျိုး၊ aငွကြေးချမ်းသာတဲ့အခါ စိတ်ထားတမျိုးပြောင်းသွားတတ်တဲ့ လူ့သဘာဝကို ဆိုလိုပါတယ်။ ဒီစကားပုံကို စဉ်းစားရင်း အာဏာဆိုတာလည်း ငွေကြေးလိုပဲ တချို့စိတ်ဓာတ်မခိုင်တဲ့ သူတွေကို ပြောင်းသွားစေတတ်ပါလားဆိုတာ ပတ်ဝန်းကျင်မှာ ဖြစ်စေ၊ နိုင်ငံရေးဖြတ်သန်းမှုမှာ ဖြစ်စေ တွေ့နေ မြင်နေရမှာပါ။ ဒါပေမယ့် အာဏာရှင်ဖြစ်လာတဲ့သူတွေဟာ လက်နက်ကိုင်ထားရုံတမျိုးတည်းတော့ မဟုတ်လောက် ပါဘူး။ အများအားဖြင့် လူအများရဲ့ လိုအပ်ချက်တွေကို လုပ်ကိုင် ဆောင်ရွက်ပေးလာရတဲ့ သူတွေဟာလည်း တပိုင်တနိုင် အာဏာရှင်တွေ ဖြစ်နေတတ်ပါတယ်။ သူတို့ဟာ ကဒါဖီလိုလည်း နာမည်မကြီးကြဘူး၊ ဦးနေ၀င်းလိုလည်း လူသိမများဘူး၊ ဟစ်တလာလိုလည်း ကမ္ဘာမကျာ်ဘူး။ ဒါပေမယ့် သူတို့နည်း သူတိုဟန်နှင့် သူပိုင်တဲ့ ပိုင်နက်မှာတော့ အသေးစား၊ အလတ်စား အာဏာရှင်တွေ ဖြစ်နေတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမှောင်ခေတ်လို့ ဆိုလောက်တဲ့ စစ်အာဏာရှင်ခေတ်တလျှောက်မှာ ဒီလိုအာဏာရှင်တွေကို ကျနော်တို့ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ပါဝါရှိတဲ့သူက သူ့လက်အောက်ငယ်သားတွေကိုလည်း အာဏာခွဲဝေမှု လုပ်ထားလေတော့ အရှင်မွေး နေ့ချင်းကြီးတဲ့ တပည့်ထက် ဆရာ လက်စောင်းထက်တဲ့ သူတွေကို ကြုံတွေ့ ခဲ့ရပါတယ်။ ဒါကြောင့် မြို့နယ်ဆရာဝန်ကြီးထက် ဆရာဝန်ကြီးဆီမှာ ဆေးလာကုတဲ့သူတွေကို စာရင်းမှတ်ပေး တဲ့သူတွေကို ကျနော်တို့ ပိုသတိထားဆက်ဆံရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး (အရင်အခေါ် ဥက္ကဋ္ဌ) ထက် သူ့လက်အောက် ဆယ်အိမ်ခေါင်းကို ပိုသတိထားခဲ့ရပြန်တယ်။ ဆေးရုံမှာလည်း ဆရာဝန်တွေ၊ နာ့စ်မတွေထက် သန့်ရှင်း ရေးလုပ်တဲ့ သူတွေကို သတိထားဆက်ဆံခဲ့ရတယ်။ ကားဂိတ်တွေ၊ အမြန်ယာဉ်ဂိတ်တွေမှာ ပိုင်ရှင်ကို မမြင်ဖူးပေမယ့် လက်မှတ်အရောင်းစာရေးတချို့ကိုတော့ သတိထားခဲ့ကြရပါတယ်။ နိစ္စ၀ ကျနော်တို့ရဲ့ ဘ၀ဖြတ်သန်းမှုမှာ သတိထား နေခဲ့ရတာ၊ တွေးကြောက်နေခဲ့ရတာ၊ မျက်နှာချိုသွေးခဲ့ရတာတွေ အများကြီးပါပဲ။ ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလက အစပြုပြီး အပြောင်းအလဲကာလဖြစ် စစ်ဖက်တစ်ပိုင်း၊ အရပ်သားတစ်ပိုင်း အစိုးရကို ကျနော်တို့ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ခုနက အာဏာရှင်တွေဟာာ မပြောင်းလဲကြသေးပါဘူး။ နောက် ၂၀၁၅ ရွေးကောက်ပွဲအဆုံးအဖြတ်နဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဒီမိုကရေစီအစိုးရတရပ်ကို ကျနော်တို့ ရရှိလာပါတယ်။ ဒါပေမယ့် ဌာနဆိုင်ရာတွေ၊ လုပ်ငန်းခွင်တွေမှာ အသေးစား၊အလတ်စား အာဏာရှင်တွေကို ကြုံနေရဆဲပါပဲ။ စပြောရရင် တရားရုံးတွေပါ။ ကျနော် လေ့လာမိသလောက် စွပ်စွဲခံရသူတဦးဟာ တရားဥပဒေရုံးကို ရောက်ရှိသွားလို့ရှိရင် သူတို့ဟာ တစုံတခုသော အကြောင်းကြောင်းကြောင့် ရောက်ရှိလာကြတဲ့သူတွေလို့ သတ်မှတ်မခံရဘဲ အပြစ်ကြီးသည်ဖြစ်စေ၊ အပြစ်ငယ်သည်ဖြစ်စေ လူသားစံနှုန်းနှင့်ညီမျှတဲ့ အပြန်အလှန်လေးစားခံရမှုတို့ကို မရရှိကြတာအများကြီးပါ။ ကျနော်တို့ ရခိုင်ဒေသက မြို့နယ်တွေမှာ ဒီလိုကြုံတွေ့ကြရတဲ့သူတွေ ရှိနေဆဲပါပဲ။ ဥပမာ တရားသူကြီးက အသက်အရွယ် ငယ်ငယ်ရွယ်ရွယ်ဖြစ်နေပေမယ့် စွပ်စွဲခံရတဲ့သူက လူကြီးပိုင်းဖြစ်နေရင်လည်း အသက်အရွယ် ကြီးသူကသာ အဆိုပါ တရားသူကြီးကို လေးစားစွာ ဆက်ဆံရပါတယ်။ ဟိုဘက်ကတော့ စကားပြောတာတောင် အပေါ်စီးက ဆက်ဆံတာမျိုးကို ကြုံကြရတာပါ။ တချို့အမှုသည်တွေဆိုရင် ရုံးချိန်းတွေကို ခေါ်ထားပါတယ်။ သွားကြပါတယ်။ ဒါပေမယ့် တရားရေးအရာရှိတွေက မိမိတို့ဆီမှာ ကြီးလေးတဲ့ လုပ်ငန်းတာဝန်မရှိပေမယ့် စောစီးစွာ ခေါ်ယူစစ်မေးခြင်းတို့ မရှိဘဲ တနေကုန် ရုံးထဲမှာ ထိုင်ခိုင်းထားတတ်တာတို့ကလည်း ရိုးအီနေပြီဖြစ်တဲ့ ဇာတ်လမ်းတွေ ဖြစ်နေပါပြီ။ ဒီလိုလုပ်လိုက်လို့ ဘာမှလည်း မဖြစ်၊ ရာထူးတွေ အဆင့်ဆင့်တက်၊ ငွေကြေးတွေ အများကြီးရ၊ သာသာယာယာပါပဲ။ အမှုဖြစ်ပြီးတဲ့ သူတွေကလည်း ကျေးဇူးတင်တာ၊ အိမ်ကိုသွားကန်တော့တယ် ဆိုတာတို့တောင် လုပ်ကြရပါသေးတယ်။ ဒီကန်တော့ရတဲ့ ကိစ္စဟာလည်း ခုထိရှိနေဆဲပါပဲ။ အသက်ကြီးတဲ့သူကလည်း မိမိရဲ့ သားအရွယ်လောက်ရှိတဲ့ သူတွေကို သွားကန်တော့ရတာပါပဲ။ လာဘ်ပေးလာဘ်ယူ ကင်းအောင်လုပ်ဆောင်နေတဲ့ အစိုးရလက်ထက်မှာကို တခါကန်တော့ရင် တစ်သိန်းအောက်ထစ်ဈေးနဲ့ ကန်တော့နေကြရပါတယ်။ အစိုးရကတော့ လာဘ်စားမှုကို တိုက်ဖျက်လို့ ကန်တော့သူနှင့် ကန်တော့ခံသူတွေကတော့ နှစ်ဦးနှစ်ဖက် ပြေလည်လို့။ ဒါတွေဟာလည်း နာမည်မကြီး ကမ္ဘာမကျော်ပဲ ကိုယ့်နယ်ပယ်မှာ ကိုယ် အာဏာရှင်ဖြစ်နေတာတွေပါ။ နောက်ဒသဖွံ့ဖြိုးရေး ကိစ္စတွေပါ၊ တချို့ကန်ထရိုက်တွေဆိုရင် လူကြီးနှင့် ဆက်စပ်တဲ့သူတွေ၊ တကယ့် အကောင်ကြီးကြီးတွေရဲ့ သားသမီးတွေ၊ သူ့ဆွေမျိုးတွေ ဖြစ်နေတဲ့အခါ တချို့ရပ်ရွာတွေက အဆောက်အုံတွေ၊ လမ်း၊ တံတားတွေဟာ သူတို့နဲ့ ဆောက်လုပ်ကြရပါတယ်။ ခင်ရာ ဆွေမျိုး၊ နီးစပ်ရာ ကန်ထရိုက် ဆိုသလို လုပ်ကြရတာပါ။ ရွာသူ၊ ရွာသားတွေထက် အဲဒီအဆောက်အအုံနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေကလည်း သူတို့နှင့်မလုပ်ရင် သူရဲ့တခြားရပိုင်ခွင့်တွေ၊ အနာဂတ်မြော်မြင်မှုတွေ ပျောက်သွားမှာကို စိုးရိမ်တဲ့အတွက် သူတို့နဲ့သာ လုပ်ကိုင်ကြရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်မှ စံမီအောင်ချပေးထားတဲ့ အသုံးစရိတ်တွေဟာ စံမမီတဲ့ အဆောက်အအုံတွေ ဖြစ်သွားကြရပါတယ်။ ၂၀၁၅ ရေကြီး၊ လေကြီး ဖြစ်ခဲ့စဉ်က တချို့ကျေးရွာတွေ အတော်များများမှာ ကျောင်းအဆောက်အအုံတွေ၊ နေအိမ်တွေ ပြိုလဲခဲ့ရပါတယ်။ အဲ့ဒီထဲမှာ ကျနော်တို့ကြုံခဲ့တဲ့ ကျောင်းတကျောင်းဆိုရင် အတော်လေးကို အမှတ်ရစရာပါ။ ရသေ့တောင်မြို့နယ်က ရွာတရွာမှာ မူလတန်းစာသင်ကျောင်းတကျောင်းဆိုရင် မြေပြင်ကို လုံးဝပြိုလဲသွားပါတယ်။ ဒီလိုပြိုလဲသွားတဲ့ ကျောင်းဟာ ကျောင်းနံရံတချပ်တောင် တည်ပြီး မကျန်ရစ်ခဲ့ပါဘူး။ စုံစမ်းသိရသလောက်က ကျောင်းဆောက်ပြီးတာက မိုးရာသီမတိုင်မီမှာ ပြီးတဲ့ အသစ်စက်စက်ကျောင်းပါ။ ပိုပြီး ထူးခြားတာက ဒီကျောင်းကို ဆောက်တဲ့ ကုမ္ပဏီဟာ ရသေ့တောင်မြို့ပေါ်က ကုမ္ပဏီတခုဖြစ်နေပြီး ကုမ္ပဏီပိုင်ရှင်ဟာ ပညရေးဌာန အကြီးအကဲတစ်ဦးရဲ့သား ဖြစ်နေတာပါ။ ခုလည်း မကြာသေးမီက မိုရာ မုန်တိုင်းတိုက်လိုက်တော့ ရခိုင်တပြည်နယ်လုံးမှာ ကျောင်းပေါင်း ၇၀၀၀ ကျော် ပျက်စီးသွားကြောင်း ပညာရေးဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။ လက်သင့်ရာ စားတော်ခေါ်တဲ့ ကုမ္ပဏီပိုင်ရှင်တွေကိုသာ ဦးစားပေးဆောက်နေခဲ့ရင် နောက်မုန်တိုင်းတခု ဖြစ်လာရင်လည်း အပျက်အစီးစာရင်းက လျော့သွားဖွယ် မရှိပါဘူး။ ဒါတွေဟာ သူ့ပိုင်နက်နဲ့သူ ဖြစ်နေတဲ့ အလတ်စား အာဏာရှင်ဆန်မှုတမျိုးပါပဲ။ တချို့ ဆက်စပ်တဲ့သူတွေ ဆိုရင်လည်း အထက်လူကြီးအရှိန်အ၀ါကြောင့် အနာဂတ်အခွင့်အလမ်းကို မျှော်ကိုးပြီး ပြည်သူအတွက်ထက် အထက်လူကြီးတွေနဲ့ အဆင်ပြေရေးအတွက် လုပ်ပေးကြရတာပါပဲ။ ဒါတွေဟာ ခုလို ပွင့်လင်းမြင်သာစွာလို့ ဖော်ပြ နေတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာကို ရှိနေတာတွေပါ။ ဆိုင်ရာပိုင်ရာတွေနဲ့ လုပ်ထားတယ်ဆိုတဲ့ စကားဟာလည်း ဒီမိုကရေစီစနစ်မှာ မရှိသင့်တော့ပါဘူး။ နောက် မှားတဲ့သူကို အရေးယူတဲ့နေရာမှာ မသိမသာ မှားနေတဲ့သူတွေကို လေ့လာစောင့်ကြည့်ဖို့လည်း လိုပါတယ်။ ဥပမာ တာဝန်ခံမှုတွေပါ။ အာဏာရှင်အသေးစားတွေ၊ အာဏာရှင် အလတ်စားတွေဟာ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်ထဲမှာကို ကြည့်တတ်ရင် မြင်နိုင်ပါတယ်။ ဥပမာ ကျနော်တို့ စစ်တွေကနေ ရန်ကုန်ကိုသွားတဲ့ ကားလက်မှတ်ရောင်းတဲ့နေရာတွေ၊ စစ်တွေကနေ ဘူးသီးတောင်၊ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ အစရှိတဲ့နေရာတွေကို အမြန်ယာဉ်နဲ့ ခရီးသွားကြရတဲ့အခါ လက်မှတ်အရောင်းစာရေးတချို့ရဲ့ ခရီးသည်တွေအပေါ် မထီမဲ့မြင် ပြုမှုတွေဟာ ခုထိရှိနေဆဲပါပဲ။ ဥပမာ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ကို သွားမယ့် ခရီးစဉ်မှာ ဘူးသီးတောင်ကိုသွားရင် ခရီးစရိတ်က ၉၀၀၀၊ ရသေ့တောင်ကို သွားရင် ခရီးစရိတ်က ၅၀၀၀၊ ဒီတော့ ရသေ့တောင်ကိုသွားမယ့် ခရီးသည်တဦးဟာ ရသေ့တောင်လက်မှတ်ကို သွားဝယ်တဲ့အခါ ရသေ့တောင်လက်မှတ်က မရှိတော့ဘူး။ ၀ယ်ချင်ဝယ် မ၀ယ်ချင်နေ၊ စီးမယ်ဆိုရင် ဘူးသီးတောင်လက်မှတ်ကို ၀ယ်လို့ရတယ်။ ဒီလိုဆိုတော့ သွားရမယ့်ခရီးက ၅၀၀၀ တန်၊ ၀ယ်လိုက်ရတဲ့ လက်မှတ်က ၉၀၀၀ တန်၊ ၉၀၀၀ တန် လက်မှတ်ကိုဝယ်ပြီး ၅၀၀၀ တန် ခရီးကို စီးကြရပါတယ်။ ဒီလိုကိစ္စတွေမှာ လက်မှတ်ကုန်သွားရင်တောင် တခြားနည်းလမ်းတွေကို ကုမ္ပဏီတွေက လုပ်ပေးလို့ မရဘူးလား၊ ဒါမှမဟုတ် ကုမ္ပဏီအကြီးအကဲတွေက မသိပဲ လက်မှတ်ရောင်းတဲ့သူတွေ သပ်သပ်လုပ်နေကြတာလား၊ တခါတလေ ဒီလိုမျိုး ကိုယ်သွားလိုတဲ့ နေရာအတွက် လက်မှတ်ကို ဈေးပိုနေမှန်းသိရင်း ၀ယ်ယူရတဲ့သူတွေက ၃၀၊ ၄၀ ဦးလောက် ရှိနေပါတယ်။ ဒါတွေဟာလည်း တိုင်းပြည်မကျော်၊ နိုင်ငံ မသိတဲ့ ကိုယ့်ပိုင်နက်ထဲကကိုယ် အာဏာရှင်အသေးစားတမျိုးပါပဲ။ တချို့ရုံးဝန်ထမ်းတွေ အထူးသဖြင့် လူထုနှင့်ဆက်သွယ်ရတဲ့ ၀န်ထမ်းတွေဆိုရင် အစိုးရပြောင်းတာလည်း သူတို့အပေါ် မသက်ရောက်ဘူး၊ အစိုးရမူဝါဒ ပြောင်းရင်လည်း သူတို့ဟာ အေးအေးလူလူပါပဲ။ လုပ်ငန်းကိစ္စအတွက် နယ်က ရောက်လာတဲ့သူတွေက လိုင်းဘုတ်တွေနဲ့ရောက်လာကြတယ်။ လိုင်းဘုတ်ဆိုတာ မိမိတို့ရပ်ရွာကနေ မြို့ကို လာတဲ့ ကူးတို့ စက်လှေပါ။ ဒီလိုမျိုး ခရီးသည်တွေနဲ့လာတဲ့အခါ ၂ နာရီဆိုရင် ၂ နာရီမှာ ပြန်ထွက်ခွာရတဲ့အတွက် ခရီးသည်တွေဟာ အချိန်မီမရောက်လာရင် မြို့ပေါ်မှာ တစ်ညအိပ်ကြရပါတယ်။ လာတဲ့ကိစ္စက တစ်ရက်တည်းနဲ့ ပြီးသင့်ပေမယ့်  ရုံးဝန်ထမ်းဆိုတဲ့သူတွေက ထမင်းစားဖို့သွားနေတာနဲ့၊ လက်ဖက်ရည်သောက်ဖို့ သွားနေတာနဲ့၊ မအားသေးလို့ စောင့်ပါဦးဆိုတာနဲ့ ကြုံခဲ့ရင် နေ့ချင်းမပြန်နိုင်ပါဘူး။ ဒီတော့ တည်းခိုစရိတ်တို့၊ ထမင်းဖိုးတို့ ကုန်ကျတဲ့အတွက် ပိုက်ဆံများများစားစား ထည့်မလာနိုင်ခဲ့တဲ့ ရွာသူ၊ ရွာသားတွေဟာ နစ်နာလှပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက်မှာ ပြည်သူတွေဟာ တော်ရုံမတရားမှုတွေကို ရဲစခန်းမှာ အမှုမဖွင့်၊ ရုံးပိုင်းဆိုင်ရာကို ကြောက်တာဟာလည်း ဒီလို ဆက်ဆံမှုမျိုးကြောင့်ပါပဲ။ ဒါတွေဟာ ခုထိရှိနေပါသေးတယ်။ တိုင်တောဖို့လည်း ခက်ခဲတဲ့ အသေးစား အာဏာရှင်ဆန်မှုတွေကို ကြုံတွေ့လာခဲ့ရတဲ့ ပြည်သူတွေဟာ ခုထိ ကြုံတွေ့နေရဆဲပါပဲ။ အပေါ်ပိုင်းကို ရှင်းလင်းနေတဲ့ အစိုးရအနေနဲ့လည်း လူမသိသူမသိ မြုပ်ကွက်ဖြစ်နေတဲ့ အလတ်စား၊ အသေးစား အာဏာရှင်ဆန်မှုတွေကို အလေးထားပေးပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။ ကျော်လင်း(ရောင်စုံ)
4 years Ago
Up