အေသင်မြို့

August 8, 2021

ဂရိနိုင်ငံတွင် တောမီးကြောင့် အေသင်မြို့အနီးက ဒေသခံ ထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဂရိနိုင်ငံမှာ ၅ ရက်မြောက် ဆက်လောင်နေတဲ့ တောမီးက မြို့တော်အေသင်ရဲ့ အပြင်ဘက်က လူနေမြို့တစ်မြို့ကို ညတွင်းချင်း လောင်ကျွမ်းခဲ့လို့ မီးကို ငြှိမ်းသတ်နိုင်ရေး ဒေသခံတွေက မီးသတ်သမားတွေကို သြဂုတ် ၇ ရက်မှာ ကူညီနေကြတာပါ။

အေသင်မြို့ပြင်က ပါနီသာတောင်ပေါ်မှာ တောမီးလောင်နေလို့ သြဂုတ် ၅ ရက်တည်းက ဒေသခံတွေ ထောင်ချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

အရေးပေါ်အဖွဲ့တွေက မီးမပြန့်အောင် ထိန်းဖို့ ကြိုးစားနေပေမယ့် လေပြင်းနဲ့ ပူပြင်းတဲ့ ရာသီဥတုကို ရင်ဆိုင်ခဲ့ရ ပါတယ်။

စနေညမှာ လေပြင်းတွေကြောင့် တောမီးဟာ သရာကိုမာကေဒိုနက်စ် ရပ်ကွက်ထဲကို ဝင်ရောက် လောင်ကျွမ်းခဲ့ပါတယ်။

 ဆိုက်ပရပ်စ်၊ ပြင်သစ်နဲ့ အစ္စရေးနိုင်ငံတို့က တပ်ကူတွေ အပါအဝင် မီးသတ်သမား အင်အား ခုနှစ်ရာကျော်ဟာ စစ်တပ်နဲ့ ရေသယ် လေယာဉ်တွေရဲ့ အကူအညီနဲ့ မီးကို ကြိုးစား ငြှိမ်းသတ် နေရပြီး မီးငြှိမ်းသတ်ရေးက ပထမဆုံး ဦးစားပေးပဲလို့လည်း ဂရိ ဝန်ကြီးချုပ်က ပြောပါတယ်။

ဂရိမှာ နှစ် ၃၀ ကျော်အတွင်း အဆိုးဆုံး အပူလှိုင်းဖြတ်သန်းနေလို့ နိုင်ငံအစိတ်အပိုင်း အများအပြားမှာ တောမီးလောင်နေပြီး ဧက ထောင်သောင်းချီတဲ့ သစ်တောတွေ အိမ်တွေ စီးပွားရေး လုပ်ငန်းတွေနဲ့ တောတွင်း တိရစ္ဆာန်တွေ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။   

4 months Ago
Up