အေသင်

August 6, 2021

အေသင်မြို့မြောက်ပိုင်း တောမီး ထပ်လောင်

ဂရိနိုင်ငံ အေသင်မြို့တော်ရဲ့မြောက်ပိုင်းမှာ တောမီးတွေ သြဂုတ် ၅ ရက်က တကျော့ပြန် လောင်ကျွမ်းနေပါတယ်။ 

နိုင်ငံတဝန်းက တောမီးတွေကို ငြှိမ်းသတ်ဖို့ အရေးပေါ်အဖွဲ့ဝင်တွေက တတိယမြောက်နေ့ အဖြစ် ကြိုးစားနေကြဆဲပါ။ ရာသီဥတုအပူချိန်က ၄၀ ဒီဂရီ ဖာရင်ဟိုက်ရှိလို့ မီးပိုကြီးလာမှာကို အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဒေသခံတွေကတော့ ဆင်ခြေဖုံးတွေကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး ခိုလှုံခွင့် တောင်းခံသူ တွေကို ဘေးလွတ်ရာ ပို့ထားရပါတယ်။

အိမ်နီးချင်း တူရကီနိုင်ငံမှာလည်း တောမီးလောင်နေလို့ ဥရောပရဲ့ ဒီနှစ်နွေမှာ မီးလောင်၊ ရေကြီး၊ ဘေးသင့်တဲ့ မြင်ကွင်းတွေ ထပ်ပေါင်းထည့်သလို ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဂရိနိုင်ငံတဝန်း နေရာ ၁၅၀ ကျော်မှာ တောမီးတွေ လောင်နေလို့ အိမ်ခြေတွေ ပျက်စီးပြီး ဒါဇင်ချီတဲ့ မြို့ရွာတွေ ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ သစ်တောမြေဧက ထောင်ချီ မီးလောင် ပျက်စီးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

4 months Ago

July 25, 2021

အေသင်မြို့တွင် ကိုဗစ်ကာကွယ်ဆေး ဆန့်ကျင်ဆန္ဒပြသူများကို ရဲက အင်အားသုံးလူစုခွဲ

ဂရိနိုင်ငံ မြို့တော်အေသင်ရဲ့မြို့လယ်မှာ  အစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးအစီအစဉ်ကို ဆန့်ကျင်တဲ့  ဆန္ဒပြသူပြည်သူ ထောင်ပေါင်းများစွာကို ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေ၊ ရေအမြောက်တွေသုံးပြီး ဇူလိုင် ၂၄ ရက်က လူစုခွဲခဲ့ပါတယ်။

လတ်တလော သီတင်းပတ်တွေမှာ တတိယမြောက် စီတန်းလှည့်လည် ဆန္ဒပြပွဲမှာ မြို့ခံပြည်သူတွေဟာ လွတ်လပ်ရေးလို့ ရေးထားတဲ့ အလံကြီးကို ကိုင်စွဲပြီး ဂရိလွှတ်တော်ဆီကို လူအင်းအား ၄၀၀၀ လောက်နဲ့  ချီတက်ခဲ့ကြပါတယ်။

“ဒါဟာ ကာကွယ်ဆေး ဆန့်ကျင်ရေး လှုပ်ရှားမှု မဟုတ်ပါဘူး။ ဒီလူတွေဟာ လွတ်လပ်ရေးကို လိုချင်နေသူတွေပါ”လို့ ဆန္ဒပြပွဲကို စီစဉ်တဲ့ ပြန်လည် လွတ်မြောက်ရေး လှုပ်ရှားမှု ခေါင်းဆောင် ဖိုင်ဒန်ဗိုဗိုလစ်က ပြောပါတယ်။

ဆန္ဒပြသူ လူအုပ်စုတွေဟာ လွှတ်တော်ကို ရောက်ချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို ဓာတ်ဆီ ပုလင်းဗုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ ရေအမြောက် တွေနဲ့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

“ဆန္ဒပြသူတချို့လည်း အဖမ်းခံရပါတယ်။ အမှိုက်ပုံးတစ်ခုလည်း မီးရှို့ခံရပါတယ်။ ဒါဟာ ဆယ်ရက်အတွင်း တတိယမြောက် ဆန္ဒပြပွဲပါ။ ကျန်းမာရေးစောင့်ရှောက်ရေး ဝန်ထမ်းတွေနဲ့ သူနာပြု ဂေဟာတွေက ဝန်ထမ်းတွေ မဖြစ်မနေ ကာကွယ်ဆေး ထိုးဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြတာလည်း ဖြစ်ပါတယ်။ စက်တင်ဘာမှာ စမယ့် စာသင်နှစ် မတိုင်မီ အချိန်မီ ဆရာတွေ ကာကွယ်ဆေး ထိုးကြဖို့ကိုလည်း အစိုးရက တိုက်တွန်းထားပါတယ်။

ဂရိပြည်သူ အများစုက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးကြမယ်”လို့  လတ်တလော စစ်တမ်းတွေက ပြထား ပါတယ်။

မနှစ်က ကပ်ဘေးစချိန်ကနေ ခုထိ ဂရိပြည်သူ ၁၂၈၉၀ ကပ်ရောဂါ ကူးစက်ခံ သေဆုံးခဲ့ပြီးပါပြီ။ ဂရိနိုင်ငံမှာ လူဦးရေ ၁၁ သန်းရဲ့ ၄၅ ရာခိုင်နှုန်းက ကာကွယ်ဆေးအပြည့် ထိုးပြီးကြပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

5 months Ago
Up