အသေခံဗုံးဖောက်ခွဲမှု မအောင်မြင်ခဲ့သည့် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကို ဖမ်းမိ

December 19, 2016

အသေခံဗုံးဖောက်ခွဲမှု မအောင်မြင်ခဲ့သည့် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကို ဖမ်းမိ (ရုပ်သံ)

မာမူးဒ်အာမက်ဒ်ဟာ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်တဦးဖြစ်ပြီး အသေခံဗုံးဖောက်ခွဲမှု စတင်ချိန်မှာ မအောင်မြင်ခဲ့ဘဲ ဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ အိုင်အက်စ် အကြမ်းဖက်တွေရဲ့ ကလေးစစ်သားတဦးအဖြစ် လပေါင်းများစွာ လေ့ကျင့်သင်ကြားပေးမှုတွေ ခံခဲ့ရပြီး အီရတ်နိုင်ငံမြို့တမြို့ဖြစ်တဲ့ ကီရာကွတ်ခ်မြို့က ဘောလုံးကွင်းထဲမှာ ဗုံးဖောက်ခွဲဖို့ အမိန့်ပေးခံခဲ့ရတာပါ။ ဒါပေမယ့် ဘောလုံးကွင်းအနီး လမ်းလျှောက်လာချိန်မှာ သံသယဖြစ်ဖွယ် သူ့ရဲ့ အမူအရာကြောင့် လုံခြုံရေးတာဝန်ရှိသူတွေက သူ့ကို စစ်ဆေးခဲ့ချိန်မှာ ဒီဗုံးဖောက်ခွဲမှု မအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရဲတွေဟာ သူ့ရဲ့အဝတ်တွေကို ချွတ်ပြီး ဖမ်းချုပ်ထားခဲ့ကြချိန်မှာ အော်ဟစ်ငိုယိုနေခဲ့တဲ့ မာမူးဒ်ကို တွေ့ရပါတယ်။ သူဟာ ခါးပတ်မှာ ဗုံးကိုတပ်ဆင်ကာ ဖောက်ခွဲဖို့ အမိန့်ပေးစေခိုင်းခံခဲ့ရတာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မာမူးဒ်ဟာ ကာဒစ်ရှ်လူငယ်စင်တာမှာ ရှိနေခဲ့တာပါ။ “တရက်မှာ ၂၄ နာရီလုံးလုံး လေ့ကျင့်သင်ကြားမှုတွေ ခံရပါတယ်။ ကျနော်အပါအဝင် သက်တူရွယ်တူ အယောက် ၆၀ လောက်ရှိမယ်။ သူတို့က ကျနော်တို့ကို ခေါင်းဖြတ်ကွပ်မျက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေပြပြီး ခြိမ်းခြောက်ကြတယ်” လို့ သူက ပြောပါတယ်။ မာမူးဒ်ဟာ အဘူမူဆက်ဘ်ဆိုတဲ့ နာမည်သစ်နဲ့ တိုက်ခိုက်ရေး၊ လက်နက်အသုံးပြုရေးနဲ့ ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေကို သင်ကြားခဲ့ရပါတယ်။ သူဟာ အီရတ်နိုင်ငံမြောက်ပိုင်း အိုင်အက်စ် ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မိုဆူးလ်နဲ့ ဟာဝီဂျာစခန်းတွေမှာ အချိန် ၃ လကြာ လေ့ကျင့်သင်ကြားခဲ့ရတာပါ။ လေ့ကျင့်သင်ကြားခဲ့ချိန်မှာ လက်နက်တွေ ဘယ်လိုအသုံးပြုရမလဲ ဆိုတာတွေ ပါဝင်ပြီး အသေခံတိုက်ခိုက်မှုပြီးချိန်မှာ ကောင်းကင်ဘုံမှ ဆုလာဘ်တခုအဖြစ် ရရှိနိုင်လိမ့်မှာဖြစ်ကြောင်းတွေကို ပြောခဲ့ကြတယ်လို့ မာမူးဒ်က ပြောပါတယ်။ အသေခံဗုံးဖောက်ခွဲမှု မတိုင်ခင်မှာတော့ သူ့ကို ကီရာကွတ်ခ်မြို့ထဲ ကုန်တင်ကားတစီးနဲ့ လျှို့ဝှက်ခေါ်ဆောင်လာခဲ့ပြီး ညအချိန်မှာ ပစ်ချထားခဲ့ကြတယ်လို့ ဆိုပါတယ်။ သူ့လိုပဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးစစ်သားတွေဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့ သတင်းက ဆိုပါတယ်။ မာမူးဒ်ရဲ့ ဝမ်းကွဲညီအစ်ကိုတော်စပ်သူ အသက် ၁၅ နှစ်အရွယ် အလာကတော့ သူနဲ့တနေ့တည်းမှာပဲ ကီရာကွတ်ခ်မြို့တနေရာမှာ ဗုံးဖောက်ခွဲမှုနဲ့ သေဆုံးသွားခဲ့ပါတယ်။
5 years Ago
Up