အသေခံဗုံးခွဲသမား

January 22, 2019

ဆီးရီးယား ကင်းစခန်းတခုကို အသေခံဗုံးခွဲသမား ကားဖြင့်မောင်းဝင် ဖောက်ခွဲ

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ကင်းစခန်းတခုထဲကို ဇန်နဝါရီ ၂၁ ရက်က အသေခံဗုံးခွဲသမားတဦး ကားနဲ့ မောင်းဝင် ဖောက်ခွဲခဲ့ပါတယ်။ ဖောက်ခွဲမှုကြောင့် အမေရိကန် မဟာမိတ်တွေနဲ့ ပူးတွဲယာဉ်တန်းမှာ သွားနေတဲ့ ကာဒစ်ရှ်ခေါင်းဆောင်တဲ့ တပ်တွေက စစ်သည်အတော်များများ ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟာဆာခါပြည်နယ်အတွင်း ရှာဒါဒီမြို့ အနောက်စွန်းမှာ အခုလို တိုက်ခိုက်ခဲ့တာပါ။ ဒီနေရာဟာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ သွားနေကျ လမ်းကြောင်းနဲ့ နီးပါတယ်။ ကာဒစ်ရှ်တွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦး (SDF) မဟာမိတ်တွေပါတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရတယ်၊ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ညွန့်ပေါင်းတွေက တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။ ပေါက်ကွဲချိန်အပြီး ညွန့်ပေါင်းလေယာဉ်တွေ ပျံတက်ခဲ့တယ်လို့ ဆီးရီးယားအခြေစိုက် ကူညီရေးလုပ်သားတဦးက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကာဒစ်ရှ်စစ်သားတွေ၊ ညွန့်ပေါင်းတပ်တွေနဲ့ အရပ်သားတွေ အတော်များများ ပါတယ်လို့ လုပ်ဖော်ကိုင်ဘက်တွေက သတင်းပို့ထားတယ်လို့လည်း သူက ပြောပါတယ်။ လတ်တလောလတွေအတွင်း တူရကီ၊ ဆီးရီးယား နယ်စပ်နားက ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ SDF တွေရဲ့ ကင်းစခန်းတွေ တိုက်ခိုက်ခံရတာ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2 years Ago
Up