အေဝမ်းဆရာညှာ

November 13, 2020

တုံ့လှည့်မေတ္တာ အေဝမ်းဆရာညှာ  

တေးရေးဆရာ၊ မန္တလာမှ သံသာချိုအေး၊ သံစဉ်လေးများ လွင်စာသားလှိုင်၊၊ သီကုံးပိုင်သူ ဂီတလူသား၊ သီချင်းများစွာ ထားခဲ့ပါပေ၊ အေဝမ်းဆရာညှာ ကွယ်လွန်ရှာခဲ့၊ လေးဆယ့်နှစ်နှစ်ရှိပါပြီ။ ။  မောင်တူး   “အောင်ပါစေ” ၊ “တုံ့လှည့်မေတ္တာ” “ပြည်တော်ဝင်” စတဲ့ သီချင်းများစွာ ရေးသား စပ်ဆိုခဲ့သူ အေဝမ်း ဆရာညှာ (၁၉၀၃-၁၉၇၈) ဟာ တေးရေးဆရာ ဂီတစာဆိုနဲ့ ဂီတပညာရှင်ပါ။  ဆရာကြီးဟာ ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်မှာ ကွယ်လွန်ခဲ့တာမို့ အခု ၂၀၂၀ ပြည့် နိုဝင်ဘာလဟာ သူ့ကွယ်လွန်ခြင်း ၄၂ နှစ်ပြည့် ဖြစ်ပါတယ်။ လူတဦးတယောက်ဟာ ဘဝမှာ ဘာတွေလုပ်ခဲ့တယ် ဆိုတာနဲ့ သူ့ဘဝကို တိုင်းတာသတဲ့။ ဒါဆိုရင် အေဝမ်းဆရာညှာရဲ့ တန်ဖိုးက သူ့ရေးစပ်ခဲ့တဲ့ လူ့ဘောင်လောက အကျိုးပြု တေးသီချင်းတွေများစွာကြောင့်ပဲ အဖိုးမဖြတ်နိုင်တဲ့အဆင့် ရောက်သွားပြီပေါ့။  ဆရာညှာ ရေးစပ်ခဲ့တဲ့ တေးသီချင်းတွေကို လိုက်ရှာကြည့်တော့ အများအပြားတွေရပြီပေါ့။ ကျွန်တော်တို့ ငယ်စဉ်တောင်ကျေး ကလေး ဘဝကတည်းက နားဆင်ကြီးပြင်းလာရတဲ့ ရွှေမန်းတင်မောင်ရဲ့ “အောင်ပါစေ” ၊ “မေတ္တာဂုဏ်” ၊ “ပြည်တော်ဝင်” ၊ “မဟာမြတ်မုနိ” ၊ “တုံ့လှည့်မေတ္တာ” စတဲ့ သီချင်းတွေက များလှပါရဲ့။  “တုံ့လှည့်မေတ္တာ”        ရေးသူ - အေဝမ်းဆရာညှာ (တို့ပြည်ထောင်စု လူထုရေ လူထုရေ လူထုရေ တဦးနဲ့တဦး ချစ်ကြည်နူးကာ ဖော်ဖော်ရွေရွေ နှုတ်ခွန်းခြွေ တုံ့လှည့်မေတ္တာ တုံ့လှည့်မေတ္တာ ထားမှ တော်ကြမလေ။)၂ ( ကြီးငယ်ရွယ် မရွေး သတိပေးလို့ တေးသံဝေ .  .  . .  .  .  . သွေးရင်းပမာလို . .  . . သားရင်းပမာလို  .  .  .  .  . အစဉ်ထာဝရ . . . . ကျင်နာကြလေ . . .) ၂  အပြစ်ရှာရင်လည်း . . . အပြစ်ကိုတွေ့မယ် မိတ်ဆွေ . . .  အချစ်ရှာရင်လည်း   . . . .  အချစ်ကိုတွေ့မယ် . . . .  မိတ်ဆွေ . . . မုန်းသည်ကိုလေ . . . လက်မခံပဲ . . .  . ပြုံးရီလို့သာ ဆက်ဆံကြပါမသွေ .  .  . (သစ္စာ . . .  သစ္စာ . . . .  ပေါင်းဉီးထားရွယ် . .. . မေတ္တာ  . . .  မေတ္တာ . . . ပေါင်းကူးတံတားကို . . .  တည်ဆောက်ကြစို့  . . ..  တည်ဆောက်ကြစို့ . . .  တို့တတွေ . . . တို့တတွေ . . .  ) ၂ ကမ္ဘာသူ ကမ္ဘာသားအားလုံး စည်းရုံးကာ မသွေ တုံ့လှည့်မေတ္တာ ပြန်ဖို့  အချိန်တန်ပေ။ ။ တုံ့လှည့်မေတ္တာအား ရေးသားခဲ့သူ အေဝမ်းဆရာညှာရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ အားထုတ်မှုတွေကို ရာဇဝင်နဲ့ချီ လေးစားရပြီပေါ့။ ဒီနေ့လို အပြန်အလှန် မေတ္တာထားကြမှ မေတ္တာပွားကြမှသာ နိုင်ငံ တိုးတက်မဲ့ ကြီးပွားမဲ့ အေးချမ်းရမဲ့ ငြိမ်းချမ်းရေးရမည့် အခါမျိုးမှာ ဆရာကြီးရဲ့ “တုံ့လှည့်မေတ္တာ” သီချင်းကို နားဆင်ကြည့်ကြပါလို့သာ တိုက်တွန်းမိပါရဲ့။ အေဝမ်းဆရာညှာရဲ့ဘဝ  [caption id="attachment_423747" align="alignleft" width="220"]  ဂီတစာဆိုအေဝမ်းဆရာညှာ[/caption] သူ့ကို ၁၉၀၃ ခုနှစ်က မန္တလေးမှာ ဦးခန့်ကြီးနဲ့ ဒေါ်လှတို့က မွေးဖွားခဲ့ပါတယ်။ အမည်ရင်း စိန်ဖိုး ဖြစ်တယ်။ မွေးချင်း အစ်မတယောက်၊ အစ်ကိုတယောက် ရှိတယ်။ အစ်ကိုဖြစ်သူက တေးရေးဆရာ ရတီစိန် ပါ။ ငယ်စဉ်က အိမ်နားက သိမ်တိုက် ခေါ် ကုန်စည်တော်တိုက်ဆရာတော် ဦးနန္ဒမာလာထံမှာ ပညာသင်ပြီး ၁၀ နှစ်ကျော်မှာ သူငယ်နာမျက်စိကြောင့် အလင်းကွယ် လို့ စာမသင်နိုင်တော့ပါ။  အိမ်နားရှိ ပလွေဆရာ ဦးလှထံထံ ပလွေမှုတ် စသင်ခဲ့တယ်။အသက် ၁၄ နှစ်မှာ အီကင်း ဆွမ်းတော် ကြီးအရုဏ်ခံအသင်းမှာ နှဲဝင်မှုတ်တယ်။ နှဲပညာကို မန္တလေးမြောက်ပြင်က မထွေးလေးအငြိမ့် နှဲဆရာ ဦးဆိုဘူးက သင်ပေးတယ်။ နောက် ဆိုင်းဆရာ ဆရာလှရဲ့တူ ဆရာဌေး ဆီမှာ ဆက်သင်တယ်။ တနေ့ မြန်မာညွန့် ဦးချစ်မောင်အငြိမ့်ကို သွားကြည့်ပြီး နှဲသံကို သဘောကျလွန်းလို့ ဦးချစ်မောင်ထံ တပည့်ခံတယ်။ ဘုရားပွဲတွေမှာ အထည်လိုက်ရောင်းတဲ့ မေမန်ရိုး ကုမ္ပဏီရဲ့ အငြိမ့်နဲ့လိုက်တုန်း သာစည်အသွား ရထားပေါ် ကုမ္ပဏီကြော်ငြာ (ပထမဆုံး) သီချင်း ရေးတယ်။ မန်နေဂျာ ဦးဘဌေးကကြိုက်ပြီး သီချင်းအတွက် ဉာဏ်ပူဇော် ငွေ ၁၀၊ ရှပ်တထည်၊ တိုက်ပုံတထည် ပေးတယ်။ မန္တလေး ဆိုင်းတန်းရုံမှာ အသံတိတ်ခေတ် ရုပ်ရှင်တီးဝိုင်း နှဲဆရာ ဖြစ်လာတယ်။ အစ်ကို တေးရေးဆရာ ရတီစိန်ဆီက သီချင်းစပ်နည်း သင်ယူတယ်။ မန္တလေး သီပေါရုံမှာပြတဲ့ အသံတိတ်ကားတွေအတွက် ကြော်ငြာသီချင်း၊ နောက်ခံသီချင်းတွေ ရေးပေးခဲ့တယ်။   အေဝမ်းဆရာညှာ ဖြစ်လာပုံ နန်းတော်ရှေ့ဆရာတင်ရဲ့အငြိမ့် မန္တလေး လာကတဲ့အခါ နန်းတော်ရှေ့ဆရာတင်ရဲ့ အငြိမ့်မှာ နှဲဝင်မှုတ်ရင်း ရန်ကုန် လိုက်သွားခဲ့တယ်။ အေဝမ်း ဓာတ်ပြားတိုက်အတွက် သီချင်းတွေ ရေးပေးရာက အေဝမ်းဆရာညှာ ဆိုပြီး ထင်ရှားလာခဲ့တယ်။  အငြိမ့်မင်းသမီးတွေအတွက် ကိုယ်ပိုင် သီချင်းတွေ ရေးပေးခဲ့ပြီး ဥက္ကလာအေးကြည်၊ ဩဘာသောင်း၊ လေဘာတီမမြရင်၊ မြသောင်းခင်ကအစ ဆိုဗီယက်ပြန် နွဲ့နွဲ့စမ်း၊ မှန်နန်းတင် အထိပါပဲ။ အောင်ပါစေသီချင်း အောင်ပါစေ . . . ငွေခရုနဲ့လေ . . . သပြေနုခက်ဝေ . . . . ရွှေရေချမ်းလောင်းလို့ . . . တောင်းဆုပန်ခြွေ . . . . . ကမ္ဘာမြေ အမှီပြုတဲ့ . . . လူထုအားလုံး ကျန်းမာချမ်းသာစေ . . . .  အောင်ပါစေသား အောင်စေသားဟေ . . . . .  ဒုတိယကမ္ဘာစစ်အတွင်း ဆရာညှာ စစ်ကိုင်းချောင်မှာ စစ်ရှောင်နေရင်း ရွှေမန်းတင်မောင်နဲ့ အဆက်အသွယ်ရတယ်။ ရွှေမန်းတင်မောင် ကပြတိုင်း သီဆိုတဲ့ “ရွှေကြေးစည်” ၊ မုန်းလို့ဟုတ်ဘူး” သီချင်းတွေဟာ ဆရာညှာရဲ့ လက်ရာတွေပေါ့။ သူဟာ မန္တလေး မြို့မတူရိယာဝိုင်း အဖွဲ့ဝင်ဖြစ်ပြီး စစ်ပြီးစ မန္တလေးအပြန်မှာ “ပြည်တော်ဝင်” သီချင်းကို ရေးခဲ့တယ်။ ဂျပန်ခေတ် မန္တလေး အမျိုးသား လှုံဆော် သီချင်းတွေ ရေးစပ်ခဲ့တယ်။ “လူထု”၊ “တပ်မတော်သား” စတဲ့ စစ်သီချင်းတွေ၊ အလုပ်သမား အငြိမ့်သီချင်းတွေ စပ်ခဲ့တယ်။ ရွှေမန်း နာမည်ကြီးကဇာတ်တွေ ဖြစ်ကြတဲ့ မောင်မှူး၊ ရွဲကုန်သည် တို့ကို ရေးပေးခဲ့တယ်။ ဂီတရူး၊ မေပန်းချီ၊ မိသားစု၊ အောင်ထူး၊ မုန်းလို့မဟုတ်ဘူး၊ ရွှေကြေးစည်၊ မဟာသမ္မတစတဲ့  ကဇာတ် နောက်ခံတေးတွေကို ဖန်တီးခဲ့ သူလည်းဖြစ်တယ်။ ဒါဆိုရင် ဆရာညှာရဲ့ တေးသီချင်းတွေ ဘယ်လောက်များတယ်ဆိုတာ ခန့်မှန်းနိုင်ပြီပေါ့။  ရေးသားသောသီချင်းများ (အချို့) ၁။ အောင်ပါစေ                                ( မူရင်းဆိုသူ - ရွေမန်းတင်မောင်) ၂။ ဂုဏ်တော်ဖွင့်                              ( မူရင်းဆိုသူ - ပြည်လှဖေ) ၃။ မေတ္တာဂုဏ်                                ( မူရင်းဆိုသူ - ပြည်လှဖေ ) ၄။ မဟာမြတ်မုနိ                              ( မူရင်းဆိုသူ - မေစိန် ) ၅၊ အနန္တငါးဖြာ                                 ( မူရင်းဆိုသူ - မေစိန် ) ၆။ တေမိယ                                     ( မူရင်းဆိုသူ - မေရှင် ) ၇။ မဂ္ဂင်ရှစ်ပါး                                  ( မူရင်းဆိုသူ - ပြည်ဘရှင် ) ၈။ မဟာဇနက                                 ( မူရင်းဆိုသူ - မရင်ရင်)  ၉။ မဟောသဓာ  ၁၀။ ရွှေကြေးစည်                             ( မူရင်းဆိုသူ - ရွေမန်းတင်မောင်) ၁၁။ ချစ်ဗျူဟာ                                 ( မူရင်းဆိုသူ - ပြည်လှဖေ + မေရှင်) ၁၂။ ရွှေအင်းဝ  ၁၃။ သီရိဓမ္မာ  ၁၄။ မုန်းလို့ဟုတ်ဖူး                           ( မူရင်းဆိုသူ - ရွေမန်းတင်မောင်) ၁၅။ ပြည်တော်ဝင်  အပါအဝင် တေးသီချင်းများစွာ ရေးစပ်ထားခဲ့ပါတယ်။ ဆရာညှာဟာ မေတ္တာဘွဲ့ အချစ်သီချင်းတွေ၊ ဘာသာရေး သီချင်းတွေ အပြင် အားတက်ဖွယ် ပညာပေး တိုင်းကျိုးပြည်ပြု သီချင်းတွေလည်း ရေးခဲ့တာပါ။  သူ့သီချင်းကြားလိုက်ရတာနဲ့ ဘဝကို အရှုံးမပေး ကြိုးစားမယ့်စိတ်တွေ ပေါ်လာတတ်ပါတယ်။ မဟာဇနက သီချင်းမှာဆို လုံ့လနဲ့ ဝီရိယကို မလျှော့သောဇွဲနဲ့ ရန်မှန်းရာကို အောင်မြင်အောင် ကြိုးစားကြဖို့ တိုက်တွန်းထားပါတယ်။ အေဝမ်းဆရာညှာဟာ အလားတူ စိတ်ဓာတ်တက်ကြွရေး သီချင်းတွေ ရေးခဲ့ပါတယ်။  မဟာဇနက (ရေး - အေဝမ်းဆရာညှာ) မူရင်းသီဆိုသူ - မရင်ရင် (လုံ့လနဲ့ ဝီရိယမှာ . . . လျော့ကြရင် မှားခြင်းပါ . . .  လိုသာလိုမည် . . . မပိုဘူးဘယ်ခါ . . . ငုပ်မိတော့ သဲတိုင် စွဲကိုင် . . .  တက်နိုင်ရင် ထိပ်ဖျား ရောက်နိုင်တာ . . . ။ ) ၂ (အလောင်းတော် မဟာဇနက . . . ရွှေပင်လယ် ရေပြင်ကျယ် . . . ကူးတော်မူရရှာ. . . ။ ) ၂ ၇ ရက်တိုင်တိုင် . . . သဲသဲမဲမဲဇွဲလည်း မလျော့ပါ . . . လုံ့လကို ထုတ်ပါ . . . ယောက်ျားပီပီ ရှိစေရာ စာဆက်ကာ. . . ဗမာတက်စရာ . . . မဟာဇနကမင်းကို စံယူပါ . . . ။ (သိလျက်နဲ့သာ မဏိမေခလာ . . . မေးခွန်းထုတ်ပြန်တာ . .  အလောင်းတော်ကိုဖြင့် တန်တော့တာ . . . မာန်လျော့ပါ ပြန်ပြောတာ . . .။) (ဝီရိယထူးနဲ့ ဇွတ်ကူး၍နေရှာ . . . အသက်ကိုဆုံးတော့ . . . ငါ့လုံ့လ တည်မှာ . . .။)၂ မောခလာပြန်ကာ ဟောတာ. . . မောလျှက်နဲ့ ဇောတက် ရေလည်မှာ . . . အမှန်ပါ. . . လုံ့လကို ထုတ်ပါ . . . ယောက်ျားပီပီ ရှိစေရာ . . .  စာဆက်ကာ. . . ဗမာတက်စရာ . . . မဟာဇနကမင်းကို စံယူပါ . . . ။ (ကျောက်ဖျာထက်ပေါ် စက်ရာ . . . အလောင်းတော်ကြီးရဲ့ ဘုန်းသမ္ဘာ . . .  ဝီရိယကြောင့် မှန်ပေတာ . . . ဖုတ်သွင်းရထား ဆိုက်ရောက်လာ . . .။)၂ (အမတ်တွေ ညီညာ . . . နားတော်လျှောက်ကြရှာ . . . ရွှေနန်းတော် စံမြန်းလို့သာ. . .။)၂ ဧကန်ဘုရင် ဖြစ်လို့လာ . . . ဝီရိယကိုသာ ဉဒါန်းကျူးပေတာ မှတ်စရာ . . . လုံ့လကို ထုတ်ပါ . . .  ယောက်ျားပီပီ ရှိစေရာ . . . စာဆက်ကာ. . . ဗမာတက်စရာ . . . မဟာဇနကမင်းကို စံယူပါ . . . ။ အခုလို တေးသီချင်း ဂီတတွေ ဖန်တီးခဲ့သူ အေဝမ်းဆရာညှာဟာ သူ့အသက် ၇၅ နှစ်အရောက် ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အထက်ဗမာပြည် မန္တလေးမြို့ အီကင်းရပ်နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အခုဆိုရင် ၄၂ နှစ် မြောက်ရှိပါပြီ။ ဒါပေမဲ့ သူ့ရဲ့ အားတက်ဖွယ် တိုင်းပြုပြည်ပြု တေးသီချင်း သံတွေကတော့ မြန်မာတပြည်လုံးမက ကမ္ဘာတိုင် ပျံ့လွင့်နေဆဲ့ပါ။ ဒီအထဲကမှ ဆရာညှာရဲ့   တို့ပြည်ထောင်စု . . . လူထုရေ . . . လူထုရေ . . . လူထုရေ  တဦးနဲ့တဦး ချစ်ကြည်နူးကာ ဖော်ဖော်ရွေရွေ . . . နှုတ်ခွန်းခြွေ . . .  တုံ့လှည့်မေတ္တာ တုံ့လှည့်မေတ္တာ ထားမှ တော်ကြမလေ။ ဆိုတဲ့ တေးသံပြိုင်ကလေးတွေကို နားထဲမှာ ကြားယောင်ရင်း ကျနော်တို့ရဲ့ ပြည်ထောင်စုကြီးအတွင်းမှာ  တုံ့လှည့် မေတ္တာတွေ ထားနိုင်ကြပါစေခင်ဗျာ။ ။ မောင်တူး ကိုးကား ၁။ စန်းသမိန် (၁၉၈၉ နိုဝင်ဘာ ၅) မျက်မမြင်ဂီတပညာရှင် အေဝမ်းဆရာညှာ။ လုပ်သား ပြည်သူ့နေ့စဉ်။ ၂။ တေးရေးပညာရှင်ကြီးများ၏ ခေတ်ဟောင်းတေးသီချင်းများ။ ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်။
1 year Ago
Up