အလောင်း ၃၀၀ ကျော်

May 3, 2018

ထိုင်းဆေးတက္ကသိုလ်တွင် ခွဲစိတ်လေ့လာခဲ့သည့် အလောင်း ၃၀၀ ကျော်အား ဂါရ၀ပြု

  ထိုင်းနိုင်ငံ ဘန်ကောက် ကျူလာလောင်ကွန်းတက္ကသိုလ် ဆေးသိပ္ပံဘာသာရပ်မှာ ခွဲစိတ်လေ့လာခဲ့တဲ့ လူသေအလောင်းတွေ ဂါရ၀ပြုပွဲကို ဒီကနေ့မနက်က ကျူလာလောင်ကွန်တက္ကသိုလ် ဆေးပညာဌာနမှာ ကျင်းပခဲ့ပါတယ်။ ဆေးတက္ကသိုလ် ဆရာဆရာမ၊ ဆေးကျောင်းသူကျောင်းသားနဲ့  နာရေးကူညီမှုဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၁၇ ပညာသင်နှစ်အတွက် ခွဲစိတ်လေ့လာခဲ့ရတဲ့ အလောင်းပေါင်း ၃၂၅ လောင်းကို ဂါရ၀ပြုပူဇော်ကန်တော့ခဲ့ကြတာပါ။ အဆိုပါ လူသေအလောင်းတွေဟာ သူတို့မသေခင်က ခန္ဓာကိုယ်ကို ဆေးပညာအတွက် အသုံးပြုဖို့ လှူဒါန်းထားသူတွေဖြစ်တဲ့အတွက် ဆေးကျောင်းသူကျောင်းသားတွေက အလောင်းတွေကို အာစရိယကြီးတွေလို့ သုံးနှုန်းခေါ်ဆိုပြီး ပူဇော်ကန်တော့တာ၊ သံဃာတွေ ပင့်ဖိတ်ကာ ရွတ်ဖတ်သရဇ္ဈာယ်တာ၊ အလောင်းတွေကို ခေါင်းတလားတွင်း ထည့်သွင်းတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ဘုန်းကြီးကျောင်း ၂၆ ကျောင်းကို ခွဲဝေပို့ဆောင်ကာ ဈာပနအခမ်းအနား ကျင်း ပပေးမှာဖြစ်ပြီး ကျန်ရစ်သူ ဆွေမျိုးတွေ ဂုဏ်ယူနိုင်ဖို့ သေဆုံးသူအမည်နဲ့ ဂုဏ်ပြုလက်မှတ်တွေ လည်း ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။ ထိုင်းမှာ သေဆုံးပြီးတဲ့နောက် ခန္ဓာကိုယ်အား ဆေးတက္ကသိုလ်ကို လှူဒါန်းလိုပါက ကိုယ်ရေးရာဇ၀င်အထောက်အထား၊ သက်ဆိုင်ရာဆွေမျိုး ရင်းချာတို့ရဲ့ ထောက်ခံစာတွေနဲ့အတူ မိမိလှူမယ့် ဆေးရုံကို လျှောက်ထားရမှာဖြစ်ပါတယ်။
3 years Ago
Up