အလောင်း ပြန်တွေ့

July 15, 2017

မုံရွာမြို့ အင်းအတွင်း ရေနစ်ပျောက်ဆုံးနေသည့် ဆယ်ကျော်သက်အလောင်း ပြန်တွေ့

မုံရွာမြို့၊ ညောင်ကိုင်းအင်းအတွင်း ဇူလိုင် ၁၃ ရက်နေ့က ရေနစ်ပျောက်ဆုံးနေတဲ့ အသက် ၁၈ နှစ်အရွယ် မောင်ရဲမင်းဇော်ရဲ့ ရုပ်အလောင်းကို ဒီမနက်မှာ ရှာဖွေတွေ့ရှိ ဆယ်ယူနိုင်ခဲ့ပါတယ်။ “ဖြစ်တဲ့နေ့ကတည်းက ရှာတာ အားလုံးဆို ရှာချိန် နာရီ ၂၀ ကျော်ရှာခဲ့ရပါတယ်" လို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်က ဒီဗွီဘီကိုပြောပါတယ်။ ရှာဖွေမှုကို အင်အား ၇၀ ကျော်၊ ရေငုပ်လေစက်ဖောင် ၁ စီး၊ မော်တော် ၂ စီးနဲ့ အင်အားသုံးရှာဖွေခဲ့တာဖြစ်ပါတယ်။ “ခုက အင်းပြန်ဖော်ဖို့ ဘက်ဟိုးနဲ့ကုတ်ထားတော့ အချို့နေရာတွေဆို ပေ ၂၀ ကျော် ထိနက်ပြီး ရေနက်တဲ့နေရာတိုင်းမှာ ရေမကူးရဆိုင်းဘုတ်တွေ တပ်ပေးထားရင်တော့ ကောင်းတာပေါ့" လို့ ရှာဖွေကယ်ဆယ်ရေးမှာ ကူညီဆောင်ရွက်ပေးခဲ့သူ ဦးမျိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။ အင်းက နှစ်စဉ်လိုလို ရေနစ်သေဆုံးသူတွေရှိပြီး မနှစ်ကလည်း စက်မှုဇုန်ရပ်ကွက်က တစ်ယောက်သေဆုံးခဲ့သေးတယ်လို့ အင်းနားနေသူတွေက ပြောပါတယ်။ ဆယ်ယူရရှိတဲ့အလောင်းကိုတော့ စစ်ဆေးနိုင်အောင် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။
4 years Ago

January 19, 2017

ရေနစ်ပျောက်ဆုံးခဲ့သည့် မုံရွာတက္ကသိုလ်ကျောင်းသား/သူ ၃ ဦးထဲမှ ၁ ဦးအလောင်း ပြန်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ခုတ်ပင်ကျေးရွာရှိ ချင်းတွင်းတံတားအနီးမှာ ရေဆင်းကူးရာကနေ ရေနစ်ပျောက်ဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသား ၃ ဦးထဲက ၁ ဦးရဲ့အလောင်းကို  ပြန်လည်တွေ့ရှိပါတယ်။ ကျောင်းသူကျောင်းသား ၃ ဦးဟာ မုံရွာစီးပွားရေးတက္ကသိုလ်မှ စတုတ္တနှစ်တက်ရောက်နေသူတွေဖြစ်ကြပြီး ဇန်န၀ါရီ ၁၈ ရက်က ရွှေတောင်ဦး ဘုရားသွားရောက်ဖူးစဉ် ချင်းတွင်းမြစ်အတွင်း ရေဆင်းကူးရာမှ အခုလို ရေနစ်ပျောက်ဆုံးခဲ့တာပါ။ ရေနစ်ပျောက်ဆုံးခဲ့တဲ့ ကျောင်းသားကျောင်းသူတွေကတော့ အရာတော်မြို့နယ်၊ ရွှေတွင်းကုန်းရွာနေ ကိုကုဋေအောင်၊ ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်နေ မသန်းသန်းဆင့် နဲ့ ကျွန်းလှမြို့၊ ဧရာမြိုင်ရပ်ကွက်နေ မဟန်နီစိမ့် တို့ဖြစ်ကြပါတယ်။ သူတို့ ၃ ဦးထဲက မသန်းသန်းဆင့်အလောင်းကို ရေဆင်းကူးတဲ့ နေရာတဝိုက်မှာ အဲဒီနေ့ညနေပိုင်းက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ကျန်ပျောက်ဆုံးနေသူ ကျောင်းသူကျောင်းသား ၂ ဦးကိုတော့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒီနေရာမှာပဲ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့က မုံရွာ စက်မှုအထက်တန်းကျောင်းမှ ကျောင်းသူ ၂ ဦးနဲ့ ကျောင်းသား ၁ ဦးတို့ အလားတူ ရေနစ်ပျောက်ဆုံးမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။ အခုလို နှစ်စဉ်ကြုံတွေ့နေရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၎င်းနေရာကို သတိပေးဆိုင်းဘုတ်တွေ တပ်ဆင်ထားသင့်တယ်လို့ မုံရွာမြို့ခံအချို့ကလည်း ပြောဆိုနေကြပါတယ်။ သတင်းဓာတ်ပုံ - ရန်နိုင်စိုး
4 years Ago
Up