အလောင်းတော်ကဿပ ဘုရားဖူးကား

March 18, 2019

အလောင်းတော်ကဿပ ဘုရားဖူးကား ချောက်ထဲထိုးကျ ခရီးသည်အချို့သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်း အာဆီယံအမွေအနှစ် အမျိုးသား ဥယျာဉ်ရှိ အလောင်းတော်ကဿပဘုရားလမ်းမှာ မတ်လ ၁၈ ရက် မနက်က ဘုရားဖူး ယာဉ်တစီး ချောက်ထဲထိုးကျပြီး ကားပေါ်ပါတဲ့ ခရီးသည်အချို့ သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ကနီမြို့နယ်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက "ကျနော့်ဆီကိုလည်း ကားသမားတဦးက ဖုန်းဆက်သတင်းပို့တာ။ ချောင်းမကြီးနားမှာ ဖြစ်တာလို့ပြောတယ်။ သေဆုံးသူများတယ်လို့ ပြောတယ်။ သူ့ကားပေါ်မှာကို ဒဏ်ရာရ ၁၂ ယောက်ကို ဆေးရုံပို့ဖို့ တင်လာခဲ့တယ် ပြောတယ်။ ရဲကင်းကို ဖုန်းဆက်တော့ သွားနေတယ် ပြောတယ်။ အသေးစိပ် မသိရသေးဘူး"လို့ ပြောပါတယ်။ ကားပေါ်မှာ ဘုရားဖူးခရီးသည် အယောက် ၄၀ ဝန်းကျင်ပါလောက်ပါတယ်လို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးသလို ခရီးသည် သေဆုံးဒဏ်ရာရအခြေအနေလည်း အသေးစိပ်မသိရသေးပါဘူး။ အလောင်းတော်ကဿပလမ်းက ဖုန်ထူလမ်းကြမ်းပြီး အကွေးအကောက်များတဲ့အတွက် နှစ်စဉ် ယာဉ်မတော်တဆဖြစ်နေ ကျဖြစ်ပြီး အခုနှစ်အတွင်း ယာဉ်မတော်တဆမှုဖြစ်တာ ၃ ကြိမ်ရှိပါပြီ။ မနေ့ကလည်း နိုင်ငံခြားသား ခရီးသွားတဦး ဆင်ပေါ်က ပြုတ်ကျလို့ ဆေးကုသမှုခံယူဖို့ မုံရွာဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အလောင်းတော်ကဿပဘုရားမှာ အခုရက်ပိုင်းက ပွဲတော်ရက်ကာလဖြစ်လို့ အနယ်နယ် အရပ်ရပ်က ခရီးသွားတွေနဲ့လည်း စည်ကားနေကာ နေ့စဉ်ကားအစီးရေ ရာနဲ့ချီ၊ လူဦးရေ ထောင်နဲ့ချီ လာရောက်နေကြတာလည်း ဖြစ်ပါတယ်။
2 years Ago

February 18, 2017

အလောင်းတော်ကဿပ ဘုရားဖူးကား တိမ်းမှောက်၊ အမျိုးသမီး ၁ ဦးသေဆုံး

ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းက ယင်းမာပင်မြို့နယ်၊ ကွမ်းစပ်ရွာအနီး၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကို သွားရာလမ်း မိုင်တိုင်အမှတ် ၈ နဲ့ကြားမှာ နိုင်မျိုးလင်း မောင်းနှင်လာတဲ့ 9H/8019 ခဲရောင်စူပါကာစတန် ဘုရားဖူးကားက ရှေ့ဘီးပေါက်ကာ တိမ်းမှောက်ခဲ့လို့ ကားပေါ်မှာ ဘုရားဖူးခရီးသည် ၆ ဦးလိုက်ပါလာခဲ့ပြီး ကားမှောက်မှုကြောင့် ကာပေါ်ပါလာသူ မချိုမြသီ ၃၂ နှစ် မှာ နေရာတင် သေဆုံးခဲ့ပါတယ်။ ကျန်တဲ့သူတွေ ဒဏ်ရာအသီးသီးရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ကုတင် ၅၀၀ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေလုပ်ဆောင်နေပါတယ်။ ကားမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်း နိုင်မျိုးလင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု ယာဉ်(ပ)၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၇ အရ ယင်းမာပင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။. ဒီနှစ် ဘုရားဖူးရာသီ အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို ဇန်နဝါရီ ၇ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်ပြီး ၁ ပတ်အတွင်းမှာပဲ လူအသေအပျောက်မရှိပေမယ့် ယာဉ်မတော်တဆမှု တခုဖြစ်ခဲ့ပါသေးတယ်။ ဇန်နဝါရီအတွင်းမှာပဲ ဘုရားဖူးကားပေါ်က အမျိုးသမီး၁ဦး ပြုတ်ကျသေဆုံးခဲ့ပါသေးတယ်။ ယခုနှစ်အတွင်း အလောင်းတော်ကဿပလမ်းမှာ ယာဉ်မတော်တဆမှု ၂ ကြိမ်၊ ကားပေါ်ကပြုတ်ကျလို့ သေဆုံးမှု ၁ ကြိမ်တို့ အသီးသီးဖြစ်ပွားခဲ့ပြီး ယခုအကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဘုရားဖူးခရီးသွားယာဉ်တွေနဲ့ ပတ်သက်ပြီး ယာဉ်မတော်တဆမှုတွေမဖြစ်ပွားရအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့က စည်းကမ်းချက်တွေ ထုတ်ပြန်ထားတာလည်းရှိပါတယ်။ ထော်လာဂျီနဲ့ အိမ်စီးကားအချို့ကို တောင်ပေါ်လမ်းမှာ သွားလာခွင့်ပိတ်ပင်ထားပါတယ်။ အောင်ကိုလတ်
4 years Ago
Up