အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်

March 27, 2015

ရမခ ဌာနချုပ်ကို ပစ်ခတ်မှု အမှုမဖွင့်ပါ - ရဲမှူးကြီး တင်ဖေ၀င်း

အမည်မသိလက်နက်ကိုင်ဆောင်သူတစုဟာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဝင်းအတွင်းကို ကိုက် ၂၀၀ အကွာလောက် လမ်းဆုံကနေ လက်နက်ကြီးကျည်နဲ့ မတ်လ ၂၅ ရက်နေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ပစ်ခတ်တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို ဖော်ထုတ်နိုင်မှု မရှိသေးသလို ဘယ်အဖွဲ့ကမှလည်း ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ ကြေညာခြင်း မရှိသေးသလို အစိုးရနဲ့ တပ်မတော်ဘက်ကလည်း သတင်းမထုတ်ပြန်ပါဘူး။ ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ဆေးဖော်ထုတ်နေတဲ့ လားရှိုးမြို့နယ်ရဲစခန်းက ရဲမှူးကြီး တင်ဖေ၀င်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) တပ်ဝင်းအတွင်းကို တမြန်နေ့ညက လက်နက်ကြီးနဲ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ရဲမှူးကြီး ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ပြောဖို့ အကန့်အသတ်ရှိတာ နားလည်ပေမယ့် အများပြည်သူ သိဖို့ ပြောလို့ရသလောက် ပြောပြပါ။ “ကျနော်တို့က ရမခ (လားရှိုး) ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကလည်းများတယ်လေ။ လားရှိုးပတ်ခြာလည်မှာက စောစောက ပြောသလို လောက်ကိုင်ဒေသ အခြေခံစစ်ပွဲကလည်းရှိတော့ လုံခြုံရေးကို  မြန်မာပြည်ထက်စာရင်တော့ (၁၀၀) ရာခိုင်နှုန်း မရှိနိုင်ဘူးပေါ့ဗျာ။ ဒီအပေါ်မှာ သိပ်လည်း စိတ်ပူစရာမရှိပါဘူး။ ကျနော်တို့လည်း ဖြစ်တဲ့ဖြစ်စဉ်ကလည်း ရှိသလိုပေါ့နော် ကျနော်တို့ ရှိတဲ့ တပ်ဖွဲ့ဝင်တွေအင်အားရော၊ တပ်ကရော တတ်နိုင်တာ ထုတ်နုတ်ပြီးတော့ အခုဆိုလည်း ဒါ မြို့ပေါ်မှာ လှည့်ကင်းတွေ ပတ်နေတယ်။ နေ့ရော  ညရော လှည့်ကင်းတွေ ပတ်ပြီးတော့ ကာကွယ်ထိန်းသိမ်းတဲ့အလုပ်တွေ ကျနော်တို့ လုပ်နေပါတယ်လို့။” ပစ်ခတ်မှုဖြစ်တာက တမြန်နေ့ည ၈ နာရီလား၊ ၉ နာရီလား ဘယ်အချိန်လောက် ခန့်မှန်းချိန်မှာ ဖြစ်တာလဲ။ “ခန့်မှန်းချိန်ကတော့ ညဘက်သတင်းလာတဲ့ အချိန်လောက်ပေါ့။ မြန်မာစံတော်ချိန် ည ၈ နာရီဝန်းကျင်လောက်ပဲ။” မနေ့တုန်းက ပစ်ခတ်မှု ဖြစ်တဲ့နေရာအနားက စီစီတီဗွီကို ရဲမှူးကြီးစစ်ဆေးတယ်လို့ ကျနော်တို့ သိရတယ်။ လာပစ်တဲ့ကားက ၁ စီးလား၊ ၂ စီးလား။ “အဲဒါတွေကတော့ ကျနော်တို့က ဘယ်လိုပြောမလဲ၊ သံသယပေါ့ဗျာ။  မျက်မြင်ဒိဋ္ဌ သိရင်လည်း ဖမ်းနိုင်တာပေါ့။ မျက်မြင်ဒိဋ္ဌ မသိတဲ့အခါကျတော့ ဖြစ်စဉ်နောက်က လိုက်ရတဲ့အတွက် သံသယတွေကို တစစီတစစီ ဆွဲရတာပေါ့နော်။ သံသယဖြစ်တဲ့ အစလေးတွေကို ကျနော်တို့ လိုက်ကြည့်နေတာပေါ့။ စီစီတီဗွီဆိုတာကလည်း ကျနော်တို့ တိုင်းပြည်မှာက ပရိုက်ဗိတ်စီစီတီဗွီတွေပဲ ရှိတာလေ။ ပရိုက်ဗိတ်စီစီတီဗွီမှာလည်း သူ့အကျိုးသူ သုံးထားတဲ့ စီစီတီဗွီဆိုတော့ လွတ်နေတဲ့ အကွက်လေးတွေနဲ့ လမ်းပေါ်မှာ သွားတာလေးတွေ ကိုက်ညီတာလေးတွေ ကျနော်တို့ လိုက်ရှာရတာလေ။ သံသယပဲရှိပါသေးတယ်။ ပြောလို့မရသေးပါဘူး။” ရမခ တပ်ဝင်းဧရိယာအတွင်းမှာ ကျည်ကျရောက်ပေါက်ကွဲမှုအခြေအနေ၊ ကျည်ဘယ်နှလုံးနဲ့ ထိခိုက်မှုအခြေအနေ သိပါရစေ။ “အဲဒါတော့ တပ်ဧရိယာထဲဖြစ်တယ်ဆိုတော့ ကျနော်လည်း ဂဃနဏတော့ မသိဘူးဗျ။ ကျနော်တို့က မြို့ထဲမှာ ဒီ ပစ်ခတ်တယ်ဆိုတဲ့ သတင်းလေးရတာပေါ့ဗျာ။ အဲဒါလည်း ကျနော် တိတိပပကြီး။ ဒီသတင်းကလည်း တိတိပပကြီး ပစ်တယ်လို့ စိစစ်လို့လည်း မရဘူးဗျ။ အဲဒီတော့ ကျနော်တို့ကတော့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ သတင်းလေးပေါ်မူတည်ပြီး လုပ်ရတာဆိုတော့ စစ်ဆေးလို့လည်းမရဘူးလေ။ အဲလိုဆိုတော့ တိတိပပတော့ ကျနော်လည်း ပြောလို့မရပါဘူး။” သက်သေခံပစ္စည်းတွေနဲ့ပတ်သက်လို့ကော ရဲမှူးကြီးတို့ဆီမှာ လက်ဝယ်ရှိသလား။ ကျနော်တို့ကြားတာက ၆၀ မီလီမီတာ အမြောက်ကျည်ဆefတခု ကျကျန်ခဲ့တယ်ကြားလို့ပါ။ “အဲဒါလည်း ကျနော်တို့ဆီမှာ လက်ဝယ်မရှိပါဘူး။” တပ်ဘက်ဆိုင်ရာကပဲ တိုက်ရိုက်ကိုင်တွယ်တာပေါ့နော်။ “ဟုတ်ကဲ့။ ကျနော်တို့ အခုလောလောဆယ် ကေ့စ်လည်း အမှုဖွင့်လှစ်ထားတာလည်း မရှိဘူးဗျ။ လုံခြုံရေးအရ ထိန်းသိမ်းနေတယ်ပေါ့ဗျာ၊ ဒီလိုသတင်းမျိုးထွက်တယ်။ ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေဖြစ်တယ်။ အဲဒါကို ကျနော်တို့ လိုက်စိစစ်တဲ့အခါကျတော့လည်း ဟုတ်မဟုတ် ဆိုတာလည်း မသေချာဘူး။ သံသယရှိတာလေးတွေကို မြို့ကို လုံခြုံအောင် လိုက်လုပ်နေတဲ့အပိုင်းရယ်၊ နောက်ပြီးတော့ တကယ် ဟုတ်ခဲ့ရင်လည်း ဘယ်ဟာ ဘယ်ကားကနေ ဘယ်လိုလုပ်တယ်ဆိုတဲ့ ကွင်းဆက်လေးတွေရအောင် ကြိုစားနေတာပါ။” ဘာတွေ ဖြည့်စွက်ပြောဖို့ ရှိသေးလဲခင်ဗျ။ “မရှိပါဘူးဗျာ။ အတတ်နိုင်ဆုံး လုံခြုံအောင်တော့ ကျနော်တို့ ကြိုးစားနေပါတယ်ပေါ့ဗျာ။ ဒီလောက်ပါပဲ။”
7 years Ago

ကျနော့်ကို သေနတ်နဲ့ထိုးချိန် ထိုင်ခိုင်းပြီး ရမခ တပ်ဝင်းထဲ ပစ်တာ - ကိုဖိုးခွား

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အတွင်းက လေယာဉ်တွေထားရှိရာနေရာကို အမည်မသိသေနတ်သမားတွေက   လောင်ချာကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာ ဖေဖော်ဝါရီလဆန်းပိုင်းက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လောက်ကိုင်) က တပ်မတော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို  တိုက်ခိုက်ခံရမှုအပြီး နောက်ထပ် ပိုမိုအဆင့်မြင့်တဲ့ တပ်ဘက်ဆိုင်ရာ အဆင့်မြင့်ဌာနချုပ်တခုကို တိုက်ခိုက်မှုဖြစ်ပါတယ်။ မတ်လ ၂၅ ရက်နေ့ ည ရှစ်နာရီခန့်မှာ လားရှိုးမြို့  ရပ်ကွက် ၁၀ နယ်မြေ (၇) နီလာလမ်းထောင့်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သေနတ်သမားတွေက ပစ်ခတ်မှုအနီးနေအိမ်တွင်းကနေ ဓာတ်မီးနဲ့ အပြင် ထွက်လာတဲ့ ကိုဖိုးခွားခေါ် ကိုအောင်သင်းကို မီးမှိတ်ထိုင်ခိုင်းပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုမှာ မျက်မြင်သက်သေဖြစ်တဲ့ ကိုအောင်သင်း ခေါ် ကိုဖိုးခွားကို ဆက်သွယ်မေးမြန်းထားပါတယ်။ ကိုဖိုးခွားခင်ဗျား တမြန်နေ့က ပစ်ခတ်မှုဖြစ်စဉ်မှာ ရမခ ၀င်းအတွင်းကို ပစ်ခတ်တာကို ကိုယ်တိုင်မြင်ခဲ့ရတာဆိုတော့ ဘယ်လိုဖြစ်တာလဲဆိုတာကို သိသလောက် ပြောပြပါလား၊ “ကျနော်ကလည်း အိမ်ရှေ့မှာ လူရှုပ်တာနဲ့ ထွက်ကြည့်တာ။ ထွက်ကြည့်တာနဲ့ ကြုံသွားတာ။” အဲဒီနေ့က ဖိုးဝှီးကားတစီးနဲ့ ဆာ့ဗ်ကားတစီး ကားနှစ်စီးလို့ ကြားသိရတယ် လာပစ်သူတွေ စီးတာက အဲဒါ ဟုတ်လား။ “ကျနော်ကြုံတွေ့ခဲ့ရတာက အဲဒီလိုမျိုးကားပါတာတွေ ဘာတွေ မတွေ့ဘူး။ အဲဒီရှေ့မှာရပ်ထားတဲ့ ငှက်တစီး (အသံမသဲကွဲ) ရပ်ထားတယ်။ ကျနော်ထွက်တဲ့အချိန် (အိမ်ကနေ) မှာ စက္ကန့်ပိုင်းလေးပဲ ကြာတယ်ပေါ့ဗျာ။ ကျနော်က အိမ်ရှေ့ကိုအထွက် သူတို့ (ပစ်ခတ်သူတွေ) ကလည်း အစီအစဉ်ဆွဲပြီးသားပေါ့။ သူတို့ ပစ်ဖို့လုပ်ဖို့ အစီအစဉ်ဆွဲပြီးသားအချိန်မှာပဲ ကျနော် အိမ်ရှေ့အရောက်၊ ကျနော် ရောက်တာနဲ့ သူတို့လည်း ပစ်တာပဲ။ ကျနော့်ကိုတော့ လောလောဆယ် အပြင်ထွက်လာတော့ သူတို့က လျှပ်တပြက် ကျနော့်ကို တွေ့သွားတော့ ချက်ခြင်း သေနတ်နဲ့ ထိုးချိန်ပြီးတော့ပေါ့ဗျာ ဘာမှတော့ ဟိုဟာမဖြစ်ဘူး။ ဓာတ်မီးထိုးထား (ကိုဖိုးခွားက မှောင်တွင်းမှာ ဓာတ်မီးဖြင့် ထွက်လာ) တာကို မှိတ်ခိုင်းလိုက်တယ်။ ကျနော်လည်း ထိုင်လိုက်တာနဲ့ သူတို့လည်း တခါတည်းပစ်ပြီး ထွက်ပြေးကြတယ်။” ကိုဖိုးခွားကို အဲဒီသေနတ်သမားတွေက ရိုက်နှက်တာတွေလုပ်သေးလား။ “မရှိပါဘူးဗျ။” သူတို့ အုပ်စုက ဘယ်နှယောက်လောက်ရှိလဲ။ “သူတို့အုပ်စုက အောက်မှာ ၃ ယောက်ဗျ။ ကားပေါ်မှာက တစ်ယောက် နှစ်ယောက်လောက်ရှိမယ်ထင်တယ်။ ကျနော်တွေ့လိုက်တာက နောက်ခန်းထဲမှာတော့။ အမျိုးသမီးပုံ ၂ ယောက်တော့တွေ့လိုက်တယ်။” ကားက ဖိုးဝှီးလား။ “ဟုတ်ပါတယ်။” ကိုဖိုးခွားတို့အိမ်ရှေ့ကနေ သူတို့က ရမခ ဘယ်နေရာကို  ချိန်ပစ်တာလဲ။ “သူတို့ချိန်ပစ်တာ ကျနော်လည်း ဘယ်လိုမျိုးသိနိုင်မလဲဗျ။ သူတို့က အရှေ့ဘက်ကို ပစ်သွားတယ်။ ၀င်းထဲကို ပစ်သွားတာ။” အဲဒီကားပေါ်မှာ အမျိုးသမီးတွေ ပါတယ်လို့ကြားတယ်။ တွေ့လိုက်သလား။ “ကျနော်ကတော့ အရိပ်ပဲ တွေ့လိုက်တာ။ အမျိုးသမီးရယ် အမျိုးသားရယ် မကွဲပြားဘူး။ အမျိုးသားက  ဦးထုပ်ဆောင်းထားရင်လည်း ဆံပင်ရှည်တဲ့ပုံစံ ပေါက်မှာပဲလေ။ ပစ်ခတ်တာ ဘယ်နှချက် ပစ်သွားကြလဲ။ “တချက်ပဲပစ်တာ။” နောက်ဆက်တွဲ ဘာတွေ ထိခိုက်ပျက်စီးသွားသေးလဲ။ “အဲဒါတော့ ကျနော်လိုက်မကြည့်တော့ မသိဘူးဗျ။” စီစီတီဗွီကင်မရာထဲမှာလည်း ပုံတွေ တွေ့တယ်ဆိုလို့ ဟုတ်လား။ “အဲဒါလည်း ကျနော် မသိဘူးဗျ။” အကိုတို့ကြားတာ သေနတ်သမားတွေက ကား ၂ စီးနဲ့လာတယ်လို့ ကြားလို့လေ။ “ကျနော်ကတော့ ပစ်တာနဲ့၊ သူတို့ ပစ်ပြီးပြေးတာနဲ့ ကိုယ်လည်းပြေးပဲ။ နောက်ဆက်တွဲ ဘာမှ မသိတော့ဘူး။” အခုပစ်တာက ကိုဖိုးခွားအိမ်ရှေ့ အိမ်နားမှာ ဖြစ်တာနော် ဟုတ်လား။ “ကျနော်တို့ အိမ်တော့ မဟုတ်ဘူးဗျ။ ကျနော့်မိတ်ဆွေအိမ်။ ကျနော်က လုပ်ငန်းကိစ္စနဲ့ သွားရင်းနဲ့ ကြုံသွားတာ။” ပစ်တဲ့လူတွေက ဘာစကားပြောကြလဲ။ “ဗမာစကားတော့ ကောင်းကောင်းတတ်တယ်ဗျ။ တယောက်ကတော့။ ကျနော့်ကို ချိန်ထားတဲ့ တယောက်ကတော့ ဗမာစကား ကောင်းကောင်းတတ်တယ်။” သူက အဓိက ဘာပြောလဲ။ “ဘာမှမပြောဘူး။ ဖြစ်စဉ်က အားလုံးပေါင်းမှာ စက္ကန့်ပိုင်းပဲကြာတာ။ ကျနော်ဓာတ်မီးထိုးသွားတဲ့အချိန်မှာ ဓာတ်မီးမှိတ် ဆိုပြီးပြောတာ ဒါပဲ ပြောတာပဲ၊ ဓာတ်မီးမှိတ်ပြီးတော့ ထိုင်ခိုင်းထားတယ်။ ပြီးတော့ ပစ်ပြီး သူတို့လည်း ကားပေါ်ပြေးတက်ပြီး ထွက်လိုက်ကြတာပဲ။ အကိုတို့ကြားတာ ၂ ချက်ပစ်တယ်ကြားလို့။ မမှတ်မိတာများလား။ “ကျနော်တွေ့တာတော့ တချက်တည်းဗျ။ ကျနော့်ရှေ့မှာပဲ ပစ်တာဆိုတော့ မမှတ်မိစရာတော့ အကြောင်းမရှိပါဘူး။” သေနတ်သမားတွေက ကားထွက်သွားတဲ့အခါမှာ ၆၀ မီလီမီတာအမြောက်ဆန်တလုံး ကျကျန်ရစ်တယ်ဆို။ “အဲဒါလည်း ကျနော်မသိတော့ဘူးဗျ။ ကျနော်လည်း ဖြစ်ပြီးတာနဲ့ ကိုယ့်နေရာကိုယ်ပြန်တော့တာပဲ။” ကိုဖိုးခွားကို တပ်မတော်နဲ့ ရဲဘက်က ခေါ်ယူစစ်ဆေးမေးမြန်းတာတွေရှိလား။ “အဲလိုတော့မရှိပါဘူးခင်ဗျ။” ကိုဖိုးခွား ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာတွေ ထပ်သိသေးလဲခင်ဗျ။ “ကျနော် ဘာမှ မသိဘူးခင်ဗျ။”
7 years Ago
Up