အရှေ့တောင်အာရှ ၁၁ နိုင်ငံသို့ ကိုယ်ဝန်ဆောင်များ မသွားရန် အမေရိကန် အကြံပြု

September 30, 2016

အရှေ့တောင်အာရှ ၁၁ နိုင်ငံသို့ ကိုယ်ဝန်ဆောင်များ မသွားရန် အမေရိကန် အကြံပြု

ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ဘေးကြောင့် အရှေ့တောင်အာရှ ၁၁ နိုင်ငံကို ကိုယ်ဝန်ဆောင်တွေ အရေးမကြီးဘဲ ခရီးမသွားဖို့ အမေရိကန်နိုင်ငံ ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်ရေးဌာန (CDC) က စက်တင်ဘာ ၂၉ ရက်နေ့မှာ အကြုံပြုလိုက်ပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ ဆိုးရွားပြင်းထန်တဲ့ မွေးရာပါ ချို့ယွင်းချက်ရဲ့ အကြောင်းရင်းလို့ ပညာရှင်တွေက ပြောခဲ့ကြပြီးပါပြီ။ အမေရိကန် CDC က သတိပေးလိုက်တဲ့ နိုင်ငံတွေကတော့ ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မော်လ်ဒိုက်ဗ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ အရှေ့တီမောနဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါတယ်။ ဇီကာကူးစက်ခံ ဘရာဇီးနဲ့ စင်ကာပူနိုင်ငံတွေအတွက် ခရီးသွားသတိပေးချက် မထုတ်ပြန်သေးပေမယ့် ကူးစက်ခံအရေအတွက် မြင့်တက်လာရင်တော့ သတိပေးချက်ထုတ်ဖို့ စဉ်းစားမယ်လို့ CDC က ပြောပါတယ်။ ခြင်ကတဆင့်ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ကို မနှစ်က ဘရာဇီးနိုင်ငံမှာ ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တာပါ။ အဲဒီနောက် တကမ္ဘာလုံးကို ပျံ့နှံ့ခဲ့ပါတယ်။ လောလောဆယ်အထိ CDC ဟာ ဗိုင်းရပ်စ်ကူးစက်မှုရှိနေတဲ့ နိုင်ငံပေါင်း ၆၀ နီးပါးကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မသွားကြဖို့ အကြံပြုထားပါတယ်။ အလယ်နဲ့ တောင်အမေရိက ကယ်ရစ်ဘီယံ ဒေသတွေနဲ့ မတူတဲ့အချက်က အရှေ့တောင်အာရှဒေသမှာ ဗိုင်းရပ်စ်ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ဒါပေမယ့် အရှေ့တောင်အာရှမှာနေတဲ့ လူအများအပြားက ဒီဗိုင်းရပ်စ်ပိုးနဲ့ ယဉ်ပါးနေပြီးသား ဖြစ်ပုံရတယ်လို့ CDC က ကြေညာချက်ထဲမှာ ပြောခဲ့ပါတယ်။
5 years Ago
Up