အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အဆင့် ၂ နေရာရပ်တည်

January 23, 2017

အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အဆင့် ၂ နေရာရပ်တည် (ဓာတ်ပုံ)

ဇန်နဝါရီ ၂၁ ရက်ကနေ ၂၃ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၆ ကြိမ်မြောက်အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က ရွှေ ၂ ခု၊ ငွေ ၄ ခု၊ ကြေး ၆ ခု ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာအသင်း အပါအဝင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်နိုင်ငံက မြားပစ်ကစားသမား စုစုပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ၂ ခုကို ကွန်ပေါင်း ကျားမအတွဲပြိုင်ပွဲ အမျိုးအစားကနေ ရဲမင်းဆွေနဲ့ အောင်ငှိမ်းတို့က ၁ ခု၊ ကွန်ပေါင်း အမျိုးသမီး တဦးချင်း အမှတ်ပေးပြိုင်ပွဲ အမျိုးအစားကနေ အောင်ငှိမ်းက ၁ ခု ရယူပေးခဲ့တာပါ။ ရွှေတံဆိပ်ရခဲ့တဲ့ ရဲမင်းဆွေနဲ့ အောင်ငှိမ်းတို့ နှစ်ဦးဟာ ကစားသမားဘဝကနေ အနားယူခဲ့ကြတဲ့သူတွေဖြစ်ပြီး ကစားသမားကောင်း ရှားပါးတာကြောင့် လက်ရွေးစင်အသင်းမှာ ပြန်လည်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကွန်ပေါင်းပြိုင်ပွဲမှာ ၉ ဦး၊ ရီကတ်ပြိုင်ပွဲမှာ ၉ ဦး၊ စုစုပေါင်း ၁၈ ဦးနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ရီကတ်ပြိုင်ပွဲအမျိုးအစားမှာတော့ ငွေတံဆိပ်ဆုပဲ အမြင့်ဆုံး ရယူနိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲမှာ စုစုပေါင်း ရွှေတံဆိပ် ၁၄ ခု ချီးမြှင့်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၃ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံက ရွှေ ၂ ခု၊ ငွေ ၄ ခု၊ ကြေး ၆ခု နဲ့ အဆင့် ၂၊ မလေးရှားက ရွှေ ၂ ခု၊ ငွေ ၁ ခု၊ ကြေး ၁ ခုနဲ့ အဆင့် ၃၊ ဗီယက်နမ်နိုင်ငံက ရွှေ ၂ ခုနဲ့ အဆင့် ၄၊ ထိုင်းက ရွှေ ၁ ခု၊ ငွေ ၂ ခု၊ ကြေး ၃ ခုနဲ့ အဆင့် ၅၊ စင်ကာပူက ရွှေ ၁ ခု၊ ငွေ ၁ ခုနဲ့ အဆင့် ၆၊ ဟောင်ကောင်က ငွေ ၁ ခု၊ ကြေး ၁ ခုနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်  
5 years Ago
Up