အရှေ့အာဖရိက ဒေသခံများကို ကယ်တင်ရေး ဗြိတိန်က စတာလင်ပေါင် သန်း ၉၀ လှူဒါန်း

June 21, 2017

အရှေ့အာဖရိက ဒေသခံများကို ကယ်တင်ရေး ဗြိတိန်က စတာလင်ပေါင် သန်း ၉၀ လှူဒါန်း

ဗြိတိန်အစိုးရက အရှေ့အာဖရိက ဒေသခံတွေကို ကယ်ဖို့ စတာလင်ပေါင် သန်း ၉၀ လှူဒါန်းလိုက်ပါတယ်။ အရှေ့အာဖရိကတလွှားက အငတ်ဘေးနဲ့ ရောဂါဘေးတွေကြောင့် သန်းနဲ့ချီတဲ့လူတွေ အသက်ဆုံးရှုံးနေရတာကို ကာကွယ်ဖို့ တကမ္ဘာလုံးက အခိုင်အမာ တွန်းအားပေးကြဖို့ ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး ပရီတီပတေးက ဆော်သြလိုက်ပါတယ်။ ဆိုမာလီယာနဲ့ အီသီယိုးပီးယား နိုင်ငံတွေမှာ အခြေခံဆေးဝါး၊ သန့်ရှင်းတဲ့ရေနဲ့ စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေတဲ့ လူ ၂ သန်းကျော်အတွက် အရေးပေါ် အထောက်အပံ့ အနေနဲ့ ပေါင်စတာလင် သန်း ၉၀ လှူဒါန်းမယ်လို့လည်း ပတေးက ကြေညာပါတယ်။ ဆိုမာလီယာအတွက် ရန်ပုံငွေအသစ် ပေါင်သန်း ၆၀ နဲ့ အီသီယိုးပီးယားအတွက် ပေါင်သန်း ၃၀ ပါဝင်ပါတယ်။ အကျပ်အတည်းဟာ အရေးကြီးအနေအထားကို ရောက်နေခဲ့ပြီး နိုင်ငံတကာတုံ့ပြန်မှု အရှိန်ပျောက်သွားရင် ဒေသတွင်း မတည်မငြိမ် ပိုဖြစ်ကာ အသက်တွေ ဆုံးရှုံးကုန်လိမ့်မယ်လို့လည်း ပတေးက သတိပေးပါတယ်။ မိုးခေါင်မှုကြောင့် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြည့်မီဖို့ အီသီယိုးပီးယား အစိုးရဟာ ၂၀၁၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် တောင်းခံခဲ့ပါတယ်။ ဗြိတိန်က ဒီနှစ်မှာ တုံ့ပြန်မှုတွေ ထိထိရောက်ရောက်လုပ်ဖို့ အစိုးရတွေနဲ့အတူ အလုပ်လုပ်နေတယ်လို့ ပတေးက ပြောပါတယ်။ အစ္စလာမ္မစ်စစ်သွေးကြွ တိုက်ခိုက်မှုတွေ ထူပြောနေတဲ့ ဆိုမာလီမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။ ဗြိတိန်ရဲ့အကူအညီဟာ ဒီလူတွေ ရှင်သန်ရပ်တည်ဖို့အတွက်သာမက သူတို့အနာဂတ်တွေနဲ့ လူနေမှုဘဝအတွက်ပါ ရွေးချယ်စရာ ရှိလာစေမှာပါ။ ဒါမှ ဒီနိုင်ငံတွေက လူတွေဟာ အစွန်းရောက်ဝါဒထဲ ကျရောက်ဖို့ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ခရီးကို ဖြတ်ပြီး ဥရောပကိုလာဖို့ ဖိအားပေးတာတွေကို မခံရမှာဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ဖော်ပြပါတယ်။
5 years Ago
Up