အရှေ့အလယ်ပိုင်းနိုင်ငံ

July 11, 2018

အရှေ့အလယ်ပိုင်း နိုင်ငံများကို ချေးငွေ ကန်ဒေါ်လာ ဘီလျံ ၂၀ ပေးမည်ဟု တရုတ် ကတိပြု

အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ချေးငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ နဲ့ ဘဏ္ဍာရေး အထောက်အပံ့ ဒေါ်လာ ၁၀၆ သန်း ပေးမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇူလိုင် ၁၀ ရက်နေ့မှာ ကတိပြုလိုက်ပါတယ်။ တရုတ်နိုင်ငံ မြို့တော် ဘေကျင်းမှာ ကျင်းပနေတဲ့ တရုတ် အရှေ့အလယ်ပိုင်း ထိပ်သီးညီလာခံအတွင်း ခုလို ကတိပြုလိုက်တာ ဖြစ်ပါတယ်။ ဒေသတွင်း စီးပွားရေးတိုးတက်မှု နာလံထလာဖို့ ရေနံနဲ့ ဓာတ်ငွေ့ စီးပွားရေး မိုဒယ် (Model) လို့ သမ္မတ ရှီက ပြောပါတယ်။ မျှဝေထားတဲ့ အနာဂတ်တွေ၊ ခွဲဖြာထားတဲ့ အကျိုးစီးပွားတွေနဲ့အတူ တရုတ်-အာရပ် လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့၊ အာရပ်နဲ့ တရုတ်နိုင်ငံတွေ အားသစ်လောင်းမယ့် ပန်းတိုင်ဆီ ရောက်ရေး မမောမပန်း လုပ်ကြပါစို့လို့ တရုတ်သမ္မတက ဆိုပါတယ်။ တရုတ်နဲ့ အရှေ့တောင်အာရှ၊ အလယ်အာရှနိုင်ငံတွေကို ကုန်သွယ်ရေးအတွက် ချိတ်ဆက်ပေးထားတဲ့ ပိုးလမ်း ၂ သွယ် နိုင်ငံခြားမူဝါဒထဲမှာ အာရပ်နိုင်ငံတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ တရုတ်ဟာ ပါလက်စတိုင်း စီးပွားရေးတိုးတက်မှု ထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီမှာဖြစ်ပြီး ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၉၁ သန်း ကူညီထောက်ပံ့မယ်လို့လည်း ပြောပါတယ်။ တရုတ်နဲ့ အာရပ်နိုင်ငံတွေက ဘဏ်လုပ်ငန်းရှင်များအဖွဲ့က ရန်ပုံငွေ ဒေါ်လာ ၃ ဘီလျံ ထူထောင်ပေးမယ်လို့လည်း သူက ပြောပါတယ်။ တရုတ်ဟာ စွမ်းအင်အတွက် မှီခိုရတာရှိပေမယ့် အစဉ်အလာအားဖြင့် အရှေ့အလယ်ပိုင်းရဲ့ ပဋိပက္ခတွေနဲ့ သံခင်းတမန်ခင်းမှာ အခန်းကဏ္ဍ နည်းနည်းသာ ရှိတာပါ။ နိုင်ငံခြားအကူအညီနဲ့ အပေးအယူတွေကို ကမ်းလှမ်းရာမှာ မစွက်ဖက်တဲ့ မူဝါဒကို စွဲကိုင်ထားတယ်လို့ တရုတ်က ပြောခဲ့ပါတယ်။
3 years Ago
Up