အရေးပေါ်ခွဲစိတ်နေချိန်တွင် ဆရာဝန်များ ရန်ဖြစ်နေသည့် ရုပ်သံထွက်ပေါ်

September 1, 2017

အရေးပေါ်ခွဲစိတ်နေချိန်တွင် ဆရာဝန်များ ရန်ဖြစ်နေသည့် ရုပ်သံထွက်ပေါ်

အိန္ဒိယနိုင်ငံ အနောက်မြောက်ဘက် ဂျော့ပူးဝါးမြို့ဆေးရုံမှာ အရေးပေါ် မွေးလူနာခွဲစိတ်ခန်းအတွင်း ဆရာဝန် ၂ ဦး တဦးနဲ့တဦး အနိုင်ပြော ရန်ဖြစ်နေတဲ့ ရုပ်သံကို အေအန်အိုင်သတင်းဌာနက လွှင့်လိုက်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပေါ်ထွက်လာပါတယ်။ ရုပ်သံကို အူမစ်ဒ်ဆေးရုံ ဆေးရုံဝန်ထမ်းတဦးက ရိုက်ကူးခဲ့တယ်လို့ ယူဆရပြီး သတင်းဌာနတွေပေါ် ရောက်ရှိလာတာလို့ ဆိုပါတယ်။ သတင်းထုတ်ပြန်ချက်တွေအရ နှလုံးခုန်နှုန်းနှေးပြီး သန္ဓေသားလောင်း ကောင်းကောင်း မကျန်းမာနေတဲ့ အမျိုးသမီး မွေးလူနာတဦးကို အရေးပေါ်ခွဲစိတ် မွေးဖွားပေးနေစဉ်အတွင်း ဆရာဝန်တွေ ရန်ဖြစ်ခဲ့တာဖြစ်ပြီး မွေးလူနာ မခွဲစိတ်ခင် အစာစားခဲ့လားလို့ သားဖွားဆရာဝန်က မေးမြန်းရာမှ နှုတ်နဲ့ ရန်စဖြစ်ကြတာလို့ အန်ဒီတီဗွီသတင်းဌာနက ပြောပါတယ်။ မေ့ဆေးဆရာဝန်က မွေးလူနာအမျိုးသမီးကို စစ်ဆေးမှုတချို့ လုပ်ဆောင်ဖို့ လက်ထာက်ဆရာဝန်ကို ခိုင်းစဉ်မှာ ခွဲစိတ်ဆရာဝန်က စိတ်တိုဒေါသထွက်လာပြီး အချိန်ခဏလေးအတွင်းမှာပဲ ခိုက်ရန်ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။ ရန်ဖြစ်သူ ဆရာဝန် ၂ ဦးက တဦးနဲ့တဦး အကြီးအကျယ် အော်ဟစ် ဆဲဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုခိုက်ရန်ဖြစ်ပွားမှုက ခွဲစိတ်ခန်းထဲမှာဖြစ်ပြီး လူနာကလည်း ခွဲစိတ်မယ့်စင်ပေါ်မှာ နေထိုင်မကောင်းဖြစ်နေ၊ ကလေးကလည်း အသက်သေမလား ရှင်မလား ဖြစ်နေတဲ့ အခြေအနေမျိုးနဲ့ တွေ့ကြုံနေရတာပါ။ အစောပိုင်းသတင်းထုတ်ပြန်မှုတွေအရ အရေးပေါ်မွေးခန်းထဲမှာ ဆရာဝန်တွေ ရန်ဖြစ်နေကြလို့ ကလေးငယ် သေဆုံးသွားတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် သေဆုံးတဲ့ကလေးက ဆရာဝန်တွေ ရန်ဖြစ်တဲ့ ခွဲခန်းထဲက ကလေးမဟုတ်ဘူး၊ အဲ့ဒီဆေးရုံမှာ မွေးဖွားတဲ့ တခြား မွေးဖွားစကလေးတဦးဖြစ်တယ်လို့ သည်ဟင်ဒူစတန်တိုင်းမ်စ် သတင်းဌာနက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဆရာဝန်တဦးနဲ့ သူနာပြုတဦးက ရန်ဖြစ်တာကို ဖျန်ဖြေခဲ့ပေမယ့် မိနစ်အနည်းငယ်ကြာတဲ့အထိ ရန်ဖြစ်ခဲ့တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ဆေးရုံက ဆရာဝန် ၂ ဦးကို ရာထူးမှဖယ်ရှားလိုက်ပြီး စည်းကမ်းအရ အရေးယူမယ်လို့ Huffpost အွန်လိုင်း သတင်းဌာနမှာ သြဂုတ် ၃၀ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up