အရေးတော်ပုံလမ်းကြောင်း

August 8, 2017

အရေးတော်ပုံလမ်းကြောင်း

ယခုနှစ် ဧပြီလက စာအုပ်တအုပ် ထွက်လာပါသည်။ ထိုစာအုပ်မှာ ‘ဖုန်းမော် အရေးအခင်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ’ ဆိုသော စာအုပ်တအုပ် ဖြစ်လေသည်။ ထိုအချိန်က ၈၈ အရေးတော်ပုံကြီးကို စတင်ခဲ့သော စက်မှုတက္ကသိုလ်မှ ကျောင်းသားများနှင့် အရပ်သားများ၏ ပဋိပက္ခကို တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဖြင့် ပစ်သတ်ခံရသလို နောက်တရက်တွင်လည်း တက္ကသိုလ်ကျောင်းသား ကိုစိုးနိုင် သေနတ်ဒဏ်ရာဖြင့်ပင် သေဆုံးခဲ့ရလေသည်။ ထိုအရေးအခင်းကို စစ်အစိုးရက ‘ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက် ရပ်ကွက်လူထုတချို့ ဖြစ်ပွားသော အရေးအခင်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ’ ဟု ရေးထားသည်။ စုံစမ်းရေးကော်မရှင်ကို ၁၉၈၈ မတ်လ ၁၇ နေ့စွဲဖြင့် အမိန့်ကြေညာစာ အမှတ် ၄၅/ ၈၈ ဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်၏။ ထိုကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ပြည်သူ့တရားသူကြီးအဖွဲ့ဝင် ဦးဘမော်၊ အဖွဲ့ဝင်အဖြစ် ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ဝင် ဦးလှတင့်၊ နောက်အဖွဲ့ဝင်တဦးမှာ ပြည်သူ့လုပ်ငန်းစစ်ဆေးရေး အဖွဲ့ဝင် ဒေါက်တာမောင်ရှိန်တို့ ၃ ဦးက ကမကထလုပ်ပြီး ကော်မရှင်ကို ဦးဆောင်ခဲ့လေသည်။ သက်သေစုစုပေါင်း ၉၇ ဦးကို  စစ်ဆေးခဲ့သည်ဟုလည်း ဖော်ပြ၏။ ထိုအစီရင်ခံစာ၏ အခန်း ၄ တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားအချို့နှင့် ကြို့ကုန်း အနောက်ရပ်ကွက် ရပ်ကွက်လူထုတချို့တို့ အရေးအခင်းဖြစ်ပွားခြင်းဆိုသော ခေါင်းစဉ်အောက်၌ ဤသို့ ဖော်ပြခဲ့လေသည်။ “၁၉။   ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ကြို့ကုန်းဘူတာအနီးရှိ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်၌ အပြင်ဆောင်နေ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ၃ ဦး ထိုင်၍ ကက်ဆက်သီချင်း နားထောင်နေကြသည်။ ထိုစဉ် ရပ်ကွက်အတွင်းမှ အရပ်သားလူငယ် ၄ ဦး ရောက်လာပါသည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်အား ကက်ဆက်ခွေ လဲလှယ်ဖွင့်ခိုင်းရာမှ အစပြု၍ စကားများကြပြီး အရက်မူးလာသော အရပ်သား လူငယ်များက စတင်ရိုက်နှက်ပါသည်။ ကျောင်းသားများက ပြန်လည်ရိုက်နှက်ရာ ကျောင်းသားများကို အရပ်သားလူငယ်များက ဝိုင်းရိုက်၍ ကျောင်းသားများ ထွက်ပြေးရပါသည်။ အချင်းဖြစ်ရာသို့ ရပ်ကွက်ပြည်သူ့ကောင်စီများ၊ ရဲများ ရောက်ရှိလာ၍ ကျောင်းသားများအား ရိုက်နှက်သော အရပ်သားများကို မေးမြန်းစုံစမ်းကာ ဇော်ဇော် (ခေါ်) ညီညီလွင်နှင့် ခင်မောင်မြင့် အပါအဝင် အရပ်သားလူငယ်တခ်ျို့အား အင်းစိန်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးအရေးယူခဲ့သည်။ ၂ဝ။    မတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ယမန်နေ့ညက ဖမ်းဆီးခဲ့သော အရပ်သား လူငယ်များအနက် ဇော်ဇော် (ခေါ်) ညီညီလွင်နှင့် ခင်မောင်မြင့်တို့ ၂ ဦးအား အမှုတွင် ပါဝင်ခြင်းမရှိကြောင်း တွေ့ရသည်ဟုဆို၍  ရဲစခန်းမှ ပြန်လွှတ်ခဲ့သည်။ ထိုသို့ ပြန်လွှတ်လိုက်သည်ကို မကျေနပ်သည့်အတွက် စက်မှုတက္ကသိုလ်မှ ကျောင်းသားတချို့က ပြန်လွှတ်ခံရသော အရပ်သား ဇော်ဇော် (ခ) ညီညီလွင် နေထိုင်ရာ ကြို့ကုန်း အနောက်ရပ်ကွက် ကိုဟင်းလမ်း လမ်းသွယ် ၂ အတွင်းရှိ နေအိမ်ကို ထိုည ၈ နာရီကျော်ကျော် အချိန်ခန့်တွင် သွားရောက်၍ အိမ်ကိုထုရိုက်ပြီး ပစ္စည်းတခ်ျို့ ဖျက်ဆီးခဲ့ကြရာမှ ကျောင်းသား၂ ဦး ဓားခုတ်ခံရပါသည်။ ၂၁။ ကျောင်းသား ဓားခုတ်ခံရပြီး ကိုဟင်းလမ်းအတွင်းမှ ပြန်ထွက်၍ ၁၅ မိနစ်ခန့်အကြာတွင် ကျောင်းသားတချို့က ဘီပီအိုင်အဝိုင်းအနီးရှိ ရပ်ကွက်သမဝါယမ အသင်းဆိုင်ကို မီးရှို့ရာ သမဝါယမအသင်းဆိုင်နှင့် တဲအိမ် ၄ လုံး၊ ကားဂိုဒေါင် ၂ လုံး မီးလောင်ဆုံးရှုံးခံရသဖြင့် အရေးအခင်းမှာ ပို၍ပြင်းထန်လာပါသည်။ ၂၂။    အရပ်သားများက လိုက်၍ ကျောင်းသားများ စက်မှုတက္ကသိုလ်ဘက်သို့ နောက်ဆုတ်ခြင်း၊ စက်မှုတက္ကသိုလ်မှ ကျန်ကျောင်းသားများ ပါဝင်လာ၍ အုပ်စုများလာသောအခါ အရပ်သားများက နောက်ဆုတ်ရခြင်းဖြင့် အပြန်အလှန် ရန်မူနေကြချိန်ဝယ် ရန်ကုန်စက်မှုတက္ကသိုလ်ရှေ့၌ နယ်ဘက်တာဝန်ရှိ ပုဂ္ဂိုလ်များက အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့အင်အားကို အသုံးပြု၍ အခြေအနေကို ထိန်းသိမ်းသဖြင့် ကျောင်းသား မောင်ဖုန်းမော် သေနတ်ဒဏ်ရာဖြင့် ထိုညက သေဆုံးခဲ့ရပြီး အခြား ကျောင်းသားတချို့ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဒဏ်ရာရသူ ကျောင်းသားများအနက် ကျောင်းသားမောင်စိုးနိုင်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေနတ်ဒဏ်ရာကို ကုသရင်း ၅-၄- ၈၈ ရက်နေ့က ထပ်မံသေဆုံးခဲ့ရပါသည်။" ဟု ဖော်ပြထားလေသည်။ သက်သေအဖြစ် ထွက်ဆိုခဲ့သော လူများ၏ ထွက်ဆိုချက်လည်း ထိုအစီရင်ခံစာထဲတွင် ပါဝင်ပါသည်။ ဗြိတိသျှကိုလိုနီ လက်ထက်ကတည်းက ထိုကဲ့သို့ အရေးအခင်းကြီးများနှင့် ပတ်သက်၍  စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ အစီရင်ခံစာ တင်သွင်းကြသည်။ ဗိုလ်အောင်ကျော် ရိုက်နှက်ခံရ၍ သေဆုံးစဉ်ကလည်း ဗိုလ်အောင်ကျော် အစီရင်ခံစာ ထွက်ခဲ့ပါသည်။ မည်သို့ပင် အစီရင်ခံစာများ ထွက်ရှိသည်ဖြစ်စေ အုပ်စိုးသူများက အုပ်စိုးခံရသူများကို အစိုးရက ဆန္ဒပြသူများကို လက်နက်ဖြင့်သာ သတ်ဖြတ်ခဲ့ကြသည် ဖြစ်သောကြောင့်  ထိုအစီရင်ခံစာများက သူတို့ကို အကာအကွယ်ပြုရန် သူတို့ မှန်ကန်ပါသည်ဟု တင်သွင်း ထုတ်ပြန်လိုက်သော အစီရင်ခံစာများသာ ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် ဒီမိုကရေစီ အစိုးရ ဆိုသည်များကလည်း ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ ငရုတ်ကောင်းအရည်များ၊ နံပါတ်တုတ်များဖြင့် ရိုက်၍ ဖြိုခွဲသဖြင့် သေဆုံးသည်၊ ဒဏ်ရာရသည်များလည်း ရှိ၏။ ဖဆပလခေတ်က ၇ တန်းမေးခွန်း ပေါက်ကြား၍ အသတ်ခံခဲ့ရသော ဟယ်ရီတန် အရေးအခင်းလို ၁၉၆၁ ခုနှစ်က တန်းခွဲစနစ်ကို ဆန္ဒပြသော အရေးအခင်းနှင့်အတူ အမေရိကန်သံရုံးရှေ့ သေဆုံးသွားသော ဆန္ဒပြသမား၏ အဖြစ်များလည်း ရှိပါသည်။ ယခုနှစ်ဆိုလျှင် ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာခဲ့ရသည့် ၂၉ နှစ် ဖြစ်လေသည်။ မီးပွားလေးမှနေ မီးတောက်ကြီးသို့ ဆိုသော နိုင်ငံရေးသဘောတရားအရ  ကိုဖုန်းမော်တို့၊ ကိုစိုးနိုင်တို့ ဖြစ်ပေါ်ခဲ့ရသည့် မီးပွားလေးများသည် သာမန်လူမှုရေးရန်ပွဲ  သာမန်ကိစ္စလေးများ မဟုတ်တော့ဘဲ စစ်အာဏာရှင်နှင့် တပါတီအာဏာရှင်တို့ ဖိနှိပ်နေခဲ့သည့် ဒီမိုကရေစီ အမှောင်ကျနေသော ကာလများကို ဖွင့်ဟလိုက်သည့် တကမ္ဘာလုံး တုန်လှုပ်သွားသော ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်သွားပါတော့သည်။ မနေ့တနေ့က ကျနော်တို့ စိတ်တူကိုယ်တူ သဘောထားတူသူများ ထိုင်စကားပြောရင်း တဦးက စစ်အာဏာရှင်စနစ်ဆိုတာ ဘာလဲဆိုသည့် အတတ်နိုင်ဆုံး ပြီးပြည့်စုံသော စာအုပ်မျိုး ဆောင်းပါးများ ဖတ်ချင်သည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ဆိုတာ ဘာလဲဆိုသော ဖွင့်ဆိုချက်ကို တကမ္ဘာလုံးရှိ စစ်အာဏာရှင်များ၏ ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပုံများကို ရေးနိုင်သူများက ရေးသား တင်ပြလျှင်လည်း ဖတ်ခွင့်ရပေမည်။ မြန်မာပြည်သူများအနေဖြင့်မူ စစ်အာဏာရှင်စနစ် ဆိုသည်မှာ အဆန်းမဟုတ်တော့ပေ။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကို မီခဲ့သူများဆိုလျှင် ကိုယ်တိုင်ကိုယ်ကျ စစ်အာဏာရှင်စနစ်ဒဏ် ခံခဲ့ရပြီး ဖြစ်သည်။ အာဏာရှင်စနစ်ကို စစ်တပ်က ကျင့်သုံးနေခြင်းကို စစ်အာဏာရှင်စနစ်ဟု ယေဘုယျ သတ်မှတ်၍ ရသည်။ ပဒေသရာဇ်စနစ်လွန် အရင်းရှင်စနစ်အောက်၌ မည်သည့်နည်းနှင့်မဆို အာဏာရလာခဲ့သော အာဏာရပါတီတခု၏ ခေါင်းဆောင်က မိမိ၏သဘော မိမိ လုပ်ချင်ရာလုပ်ပြီး မိမိပါတီအပေါ်၊ မိမိအစိုးရအပေါ် တသွေးတသံတမိန့်ဖြင့် တနိုင်ငံလုံးကို လွှမ်းမိုးအုပ်ချုပ်ခြင်းအား အာဏာရှင်စနစ်ဟု ခေါ်ရပေမည်။ နိုင်ငံတနိုင်ငံတွင် စစ်တပ်က  အကြောင်းအမျိုးမျိုးကြောင့် အာဏာသိမ်းယူလိုက်ပြီး စစ်ခေါင်းဆောင်၏ အဆုံးအဖြတ်၊ စစ်ခေါင်းဆောင်၏ သဘောဖြင့် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပြည်သူလူထုက မရွေးကောက်ဘဲ ထိုစစ်ခေါင်းဆောင်များ၏ သဘောဖြင့် ဆုံးဖြတ်သော တိုင်းပြည်အရေးကိစ္စများ၊ ပြည်သူလူထုနှင့် ကျန်နိုင်ငံရေးခေါင်းဆောင်များ၊ လူထုလူတန်းစား အသီးသီးအပေါ် အာဏာသိမ်းကောင်စီ၏ သဘောဖြင့် အုပ်ချုပ်သည်ကို စစ်အာဏာရှင်စနစ်ဟု ယေဘုယျ သတ်မှတ်၍ ရပါသည်။ ထိုသို့သော စစ်အာဏာရှင်စနစ်နှင့်အတူ ပေါက်ဖွားလာခဲ့သော မဆလ တပါတီအာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့သော ၈ လေးလုံး အရေးတော်ပုံကြီးတွင် ပြည်သူလူထု အသက်ပေါင်းများစွာ စတေး၍ တိုက်ပွဲဝင်ခဲ့ကြရလေသည်။ ထို့ကြောင့် ဖုန်းမော် အရေးအခင်းပဲဆိုဆို၊ ၈၈ အရေးတော်ပုံကြီးဟုပင် ပြောပြော လွန်ခဲ့သော ၂၉ နှစ်က ဖြစ်ပေါ်ခဲ့သည့် လူထုတိုက်ပွဲကြီးမှာ ယနေ့လို ဒီမိုကရေစီတပိုင်း အစိုးရ တည်ဆောက်လာနိုင်သည်အထိ အသက် သွေး ချွေး ရင်းကာ အကျိုးရှိခဲ့သည်ဟု ဆိုရပေမည်။ ၈၈ အရေးတော်ပုံကြီး၏ အောင်သီးအောင်ပွင့်ဖြင့် နှစ်ပေါင်း ၃ဝ နီးပါးခန့်အကြာတွင် ယခုလို ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်မှာလည်း လွန်ခဲ့သော နှစ်ပေါင်း၅ဝ ကျော်ကနှင့် နှိုင်းယှဉ်လျှင် ထူးခြားမှုဟု ဝန်ခံရပေလိမ့်မည်။ ယနေ့လို အခြေအနေမျိုးကို အာဏာရပါတီကော ပြည်သူလူထုကပါ သဘောပေါက်သင့်သည်မှာ ယခုအခြေအနေသည် ၈ လေးလုံး အရေးတော်ပုံကြီး၏ ရလဒ်ကြောင့် ဖြစ်သည်ဟု သဘောပေါက်ရပေမည်။ ကျေးဇူးမှန်းသိလျှင် (၁) စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းပစ်ပါမည်ဟု သန္နိဋ္ဌာန်ချမှတ်ရမည်။ (၂) ထိုစစ်အာဏာရှင်စနစ်၏ အကျိုးဆက်ဖြစ်သော ယခုထက်တိုင် ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပန်းနေသည့် ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝ ဖျက်သိမ်းပစ်ရမည်။ (၃) ဒီမိုကရေစီစံချိန်စံနှုန်းများဖြင့် ကိုက်ညီသော ပြည်သူလူထု၏ အကျိုးကို သယ်ဆောင်းပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် တခုကို အမြန်ဆုံး ရေးဆွဲ၍ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းအား အကောင်အထည်ဖော် ချီတက်ကြရမည်။ (၄) တိုင်းရင်းသားများနှင့် နှစ်ပေါင်း ၇၀ နီးပါး လက်နက်ကိုင် တိုက်ပွဲဆင်၍ တောင်းဆိုနေသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ညှိနှိုင်းတိုင်ပင်ပြီး တည်ဆောက်ကြရမည်။ (၅) ထိုပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားတို့၏ မွေးရာပါ အခွင့်အရေးဖြစ်သော တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အမြန်ဆုံး ခွင့်ပြုရပေမည်။ ထိုကဲ့သို့ အခွင့်အရေးများကို ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အာဏာရလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမြန်ဆုံး အကောင်အထည်ဖော်ပေးမှသာလျှင် ကိုဖုန်းမော်၊ ကိုစိုးနို်င်က အစ ထောင်ပေါင်းများစွာသော ဒီမိုကရေစီ အရေးအခင်းတွင် အသက်ပေးလှူသွားသည့် သူရဲကောင်းများအား ကျေးဇူးဆပ်ရာ ဖြစ်သလို အရေးတော်ပုံကိုလည်း ဘယ်တော့မှ သစ္စာမဖောက်ဖို့ လိုအပ်ပါတော့သည်။ ထက်မြက်
4 years Ago
Up