အရေးယူမည်

A d v e r t i s e m e n t With Us

October 19, 2018

တရားမဝင်သဲထုတ်ယူမှု မတားမြစ်သည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် တုံကန်ချောင်းအတွင်း သဲထုတ်လုပ်မှုတွေကြောင့် ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်နေပြီး သဲစနစ်တကျ မထုတ်ယူသူနဲ့  မတားဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူသွားမယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။ ပဲခူးတိုင်းဒေသကြီး မြစ်သဲကျောက်အုတ်သယံဇာတ ထုတ်ယူသုံးဆွဲရေးကော်မတီအနေနဲ့ သဲတွေကို စနစ်တကျနဲ့ ဘယ်နေရာတွေမှာ ထုတ်ရမယ်ဆိုတာ သတ်မှတ်ပေးမှာဖြစ်ပြီး မလိုက်နာသူတွေကို အရေးယူသွားမယ်လို့ တုံကန်ချောင်းကမ်းပါပြိုမှုအား လာရောက်ကြည့်ရှုစဉ် ၀န်ကြီးချုပ်က ပြောကြားခဲ့တာပါ။ "မှန်ကန်တဲ့ သဲကျောက်ထုတ်လုပ်မှု ဖြစ်ရမယ်ဆိုတာကို စည်းစနစ်ချထားပြီးဖြစ်တယ်။ မှားယွင်းတယ်ဆိုရင်တော့ မြစ်ကြောင်းဥပဒေနဲ့အညီ အရေးယူပါမယ်။ တရားမဝင်ထုတ်ယူမှုတွေကိုတော့ ဌာနကပြန်စစ်ပါ။ သတ်မှတ်ထားတဲ့ ခွင့်ပြုချက်နဲ့မညီရင် ကျနော်တို့ အရေးယူပါမယ်။ တားမြစ်ထားလျက်နဲ့ မလိုက်နာရင် မလိုက်နာတဲ့သူကို တရားစွဲမယ်။ မတားမြစ်ရင် မတားမြစ်တဲ့ အုပ်ချုပ်ရေးမှူးကို ပြန်အရေးယူမယ်။" သဲထုတ်လုပ်မှုတွေကြောင့် ကမ်းပါတွေ ပြိုကျကာ ကျေးရွာချင်ဆက်လမ်းလည်း ပျက်စီးလာနေတာကြောင့် တားဆီးပေးစေချင်တယ်လို့  လေးအိမ်စုကျေးရွာနေ ဦးအောင်ထွန်းက ပြောပါတယ်။ "သူတို့သဲစုပ်တာက ရိုးရိုးတန်းတန်း စုပ်တာ မဟုတ်ဘူး၊ သံချွန်နဲ့နှဲ့ပြီးစုပ်တာ။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ၈ တန်း ကျောင်းသားလေးတယောက် ရေနစ်သေသွားတယ်။ ကလေးက ပညာလည်း တော်တဲ့ကလေးဖြစ်တယ်။ ရွာနား ကျနော်တို့အိမ်နားတွေမှာ သဲစုပ်တဲ့အခါမှာ စက်နှစ်ခုနဲ့ကို စုပ်ကြတာ။ နောက်နောင်မှာ စောစောက ကလေးလို ကျနော်တို့ သားစဉ်မြေးဆက်တွေ မဆုံးရှုံးရစေချင်ဘူး။" ကျောက်တံခါးမြို့နယ်အတွင်း သံထုတ်လုပ်မှု လိုင်စင်တွေ အခုနှစ်ဇွန်လ သက်တမ်း ကုန်သွားပြီဖြစ်တာကြောင့် လိုင်စင် ထပ်မံချထားပေးထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ သဲထုတ်လုပ်မှုကြောင့် တုံကန်ချောင်းဘေးရှိ ကျေးရွာတွေအနက် ကျေးရွာ ၅ ရွာလောက်မှာ ကမ်းပါပြိုမှုဒဏ် ဆိုးရွာစွာခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။   သတင်း ကျော်အောင်(ကညွတ်ကွင်း)
2 years Ago

June 8, 2018

သတ်မှတ်တန်ချိန်ထက် ပိုထုတ်သည့် ကျောက်မိုင်းကုမ္ပဏီများကို အရေးယူမည်

မွန်ပြည်နယ်အတွင်း ကျောက်မိုင်းကုမ္ပဏီတွေအနေနဲ့ သတ်မှတ်တန်ချိန်ထက် ပိုထုတ်လုပ်တာ၊ ပြည်နယ်အစိုးရကို တင်ထားတဲ့ အချိုးအစားနဲ့ မြေပြင်အခြေအနေ ကွဲလွဲနေတာတွေ စစ်ဆေးတွေ့ရှိပါက အရေးယူမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ပြောပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ပေါင်မြို့နယ်တွေက ကျောက်မိုင်းတွေဟာ ပြည်သူတိုင်ကြားမှု အများဆုံးဖြစ်ပြီး လာမယ့်ဇွန် ၃၀ ရက်နေ့ သက်တမ်းကုန်ဆုံးမယ့် ကုမ္ပဏီတချို့အနေနဲ့ ထုတ်လုပ်ခွင့်လိုင်စင် သက်တမ်းတိုးဖို့ရှိနေပြီး အဲ့ဒီကုမ္ပဏီတွေထဲမှာ စည်းကမ်းမလိုက်နာတဲ့ ကုမ္ပဏီတွေကို စစ်ဆေးအရေးယူသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။ “တချို့ ကျောက်မိုင်း အကြီးအကျယ် လုပ်နေပြီးတော့ ကျောက်ကျင်းရေ ၅၀၀ လောက်ပဲ ပြထားတယ်၊ ဘယ်လိုမှ မဖြစ်နိုင်တာ။ တလောက ကျနော် ကျောက်မိုင်းတခုသွားတယ်၊ လုပ်ကွက်က ၁ ဧကပဲ တင်ပြထားတယ်။ သူလုပ်တဲ့ လုပ်ငန်းအနေအထားက တမျိုးဖြစ်နေတယ်။ ဒါတွေ အမှန်အတိုင်းဖြစ်ဖို့ လိုအပ်တယ်။ အရင်တုန်းက တင်ထားတဲ့ဟာတွေ ကွဲလွဲနေတယ်။ ဒါတွေကို လိုင်စင်သက်တမ်းတိုးတဲ့အခါ ကျနော်တို့ အရေးယူဆောင်ရွက်မယ်။ ကျနော်တို့ ကွင်းဆင်းစစ်ဆေးထားတာတွေ ရှိတယ်” လို့ ဝန်ကြီးက ပြောပါတယ်။ ကျိုက်ထိုမြို့နယ်အတွင်းက သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan-EMP) ရေးဆွဲတင်ပြထားတာမရှိတဲ့ ကျောက်မိုင်းတွေကို မေ ၂၈ ရက်နေ့ကတည်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယာယီပိတ်သိမ်းထားခိုင်းခဲ့ပေမယ့် ကျောက်မိုင်းတွေ ထပ်ခွဲနေတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဝန်ကြီးချုပ်က အခုလို ပြောပါတယ်။ “ကျောက်မိုင်းခွဲတာ မင်းတို့ကြားလား။ ငါ စက်တွေပါ ဖယ်ပစ်တာ။ သူ့ဆီမှာရှိတဲ့ စက်တွေအားလုံး အဲ့ဒီမှာ ထားခွင့်မရှိဘူး၊ တခြားနေရာမှာ သွားထားပါဆိုပြီးတော့ ရွှေ့ထားလိုက်တာ။ ရွှေ့ထားတာကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို စောင့်ကြည့်ခိုင်းထားတယ်။ မိုင်းခွဲနေတယ်လို့ပြောတာ ဖေ့စ်ဘွတ်ခ်ပေါ်မှာပြောတာပါ။ ကျောက်မိုင်းတွေနဲ့ပတ်သက်ပြီး စိစစ်ရေးကော်မတီဆိုတာ မြို့နယ်တိုင်းမှာ ရှိပါတယ်။ ဟုတ်လား၊ မဟုတ်လားဆိုတာ ထွေအုပ်ကို ဖုန်းဆက်ကြည့်လိုက်ရင် သိတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်တာတွေကို ဟုတ်တယ်လို့ ဘယ်လိုလုပ်ပြောလို့ရမလဲ” လို့ ပြောပါတယ်။ ကျောက်မိုင်းတွေ ထုတ်လုပ်ဖောက်ခွဲတာကြောင့် ဥယျာဉ်ခြံမြေနဲ့ လယ်ယာမြေတွေ သဲနုန်းဖုံးလွှမ်းတာ၊ လယ်ယာမြေတွေ ပျက်စီးတာ၊ မိုးရာသီမှာ သဲနုန်းတွေ အနည်ထိုင်တာတွေကြောင့် ချောင်းမြောင်းတွေ တိမ်ကောကာ ရေကြီးရေလျှံတာ၊ တောင်ပြိုမြေပြိုမှုတွေ ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေရပြီး မိုင်းခွဲတုန်ခါမှုတွေကြောင့် ထိတ်လန့်တကြား ဖြစ်တာတို့ကြောင့် စည်းကမ်းမလိုက်နာတဲ့ ကျောက်မိုင်းတွေကို ပိတ်သိမ်းပေးဖို့ ဒေသခံတွေက အကြိမ်ကြမ် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဓာတ်ပုံအညွှန်း- ကျိုက်ထိုမြို့နယ်မှ ကျောက်မိုင်းတခု သတင်း - အာကာမင်း၊ ဓာတ်ပုံ - တင်ဦး
3 years Ago
More News
Up