အမေရိကန်-မြောက်ကိုရီးယား

May 25, 2018

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ မဖြစ်တော့ဟု သမ္မတထရမ့်ပြော

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်တော့မှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မေ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ လာမယ့် ဇွန် ၁၂ ရက်နေ့ စင်ကာပူနိုင်ငံမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲ မဖြစ်တော့ကြောင်း ရေးသားထားတဲ့စာကို သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။ အဲဒီစာထဲမှာ သမ္မတ ထရမ့်က သူ့အနေနဲ့ ကင်ဂျုံအန်းနဲ့ တွေ့ဆုံဖို့ မျော်လင့်ခဲ့ပေမယ့် မြောက်ကိုရီးယားရဲ့ “ဒေါသကြီးပြီး ရန်လိုတဲ့” ထုတ်ပြန်ချက်ကြောင့် အခုလိုအချိန်မှာ တွေ့ဆုံဖို့ မသင့်တော်ကြောင်း ရေးသားခဲ့ပါတယ်။ ထရမ့်က နှစ်နိုင်ငံ ကောင်းကျိုးအတွက်တင်မကဘဲ ကမ္ဘာကြီးကောင်းကျိုးအတွက် ရည်ရွယ်တဲ့ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲ မဖြစ်မြောက်ဘူးဆိုတာကို အဲဒီစာက ရည်ညွှန်းလိုတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကင်နဲ့ တနေ့နေ့မှာ တွေ့ဆုံဖို့ မျော်လင့်နေဆဲပဲ လို့လည်း ထရမ့်က ရေးသားခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား ၃ ဦးကို လွှတ်ပေးတဲ့အပေါ်မှာ ကျေးဇူးတင်ရှိကြောင်းနဲ့ ဒါဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်ပြီး အဲဒါကို အထူးအလေးထားပါကြောင်းလည်း ဖော်ပြခဲ့ပါတယ်။ မေ ၂၄ ရက်နေ့ အစောပိုင်းက မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို ပြန်စဉ်းစားမှာဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ပြီးနောက် အမေရိကန်ဘက်က အခုလို ထိပ်သီးဆွေးနွေးပွဲ မဖြစ်မြောက်ကြောင်း တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
4 years Ago
Up