အမေရိကန် လေဆိပ်တွင် ပိတ်မိနေသည့် ဇီးကွက်ဖြူကြီး ဆေးကုသမှုခံယူ

January 12, 2018

အမေရိကန် လေဆိပ်တွင် ပိတ်မိနေသည့် ဇီးကွက်ဖြူကြီး ဆေးကုသမှုခံယူ

အမေရိကန်နိုင်ငံ ဝစ္စကွန်စင်ပြည်နယ် အော့ရှ်ကော့ရှ်မြို့က ဝှစ်မန်းလေဆိပ်မှာ ပြီးခဲ့တဲ့လက ပိတ်မိနေတဲ့ ဇီးကွက်အဖြူကြီးကို နောက် ၂ ပတ်လောက်နေရင် တောထဲ ပြန်လွှတ်ပေးဖို့ စီစဉ်ထားတယ်လို့ ဖော့စ်အလဲဗင်းနယူးစ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။ ဇီးကွက်ကြီးကို လေယာဉ်နဲ့ပြန်မပို့ခင် နောက်ဆုံးဆေးစစ်မှု လုပ်ဆောင်ပေးဖို့ ဖဲသာ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ပက်ဖစ်ရှာက ဇီးကွက်ကြီးကို ဇန်နဝါရီလ ၉ ရက် နေ့လယ်က အထူးဝန်ဆောင်မှုနဲ့ နယူးလန်ဒန်မြို့ ဆေးခန်းက တိရစ္ဆာန်ဆရာဝန်ဆီ ပို့ပေးခဲ့တာပါ။ ဇီးကွက်တွေ ပုံမှန်အနေထားနဲ့ ပြန်ကောင်းမွန်လာတဲ့အခါမှာ သူတို့ကို တောထဲ ပြန်လွှတ်ပေးတယ်လို့ ဖစ်ရှာက ပြောလိုက်ပြီး တခါတရံ ဒီလိုငှက်တွေက အိတ်စ်ရေးရိုက်တာနဲ့ ဆေးစစ်ဖို့လိုတယ်လို့ သူမက ပြောပါတယ်။ “အခုဇီးကွက်ကြီးက လည်ပင်းမှာ ပိုးဝင်နေတယ်။ ဒါကြောင့် ဆေး ၁၀ ရက်ကနေ ၁၄ ရက်လောက်ထိ သောက်ရမယ်” လို့ ဖစ်ရှာက ပြောပြီး တိရစ္ဆာန်ဆရာဝန် ဒေါက်တာဂျင်ဇီဂလာက “ဇီးကွက်ဖြူတွေကို အများကြီး မမြင်ဖူးဘူး။ ဒီနှစ်တွေထဲမှာ ကျနော်မြင်ဖူးတာ ဒါနဲ့ဆို ၃ ကောင်မြောက်ပဲ” လို့ ပြောပါတယ်။ ဒေါက်တာဇီဂလာက နှစ် ၂၀ အတွင်း ဖဲသာအဖွဲ့က ငှက် ၉၀၀ လောက်ကို ဆေးကုပေးပေမယ့် တခါမှ ပိုက်ဆံမယူဘူးလို့ မစ္စဖစ်ရှာက ပြောပြီး ဒေါက်တာဇီဂလာကလည်း သူ ဒီလို ကူညီရတာ ဝမ်းသာကြောင်း ပြောပါတယ်။ ဇီးကွက်ကြီး လည်ပင်းပိုးဝင်တာ ပျောက်သွားပြီး ကိုယ်အလေးချိန် နည်းနည်း ပြန်တက်လာတာနဲ့ သူ့ကို ပြန်လွှတ်ပေးမယ်လို့ ဒေါက်တာ ဇီဂလာက ပြောပါတယ်။
4 years Ago
Up