အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် အလယ်ပိုင်းဒေသမှာ တောမီးလောင်နေတာ လူနေအိမ်တွေကိုလည်း ကူးစက်ခဲ့လို့ အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။
ဂျက်ဆင်ဆိုတဲ့ မြို့က ရွှေတွင်းတွေရှိတဲ့ နေရာနားမှာ စက်တင်ဘာ ၉ ရက်နေ့ကစလို့ မီးစတင်လောင်ကျွမ်းခဲ့ပြီး စက်တင်ဘာ ၁၁ ရက်နေ့မှာ အမာဒါနဲ့ ကလာဗားရက်စ် စီရင်စု နယ်မြေတွေကို အရေးပေါ် အခြေအနေ ကြေညာပါတယ်။
တောမီးဟာ ဒေသခံ ၆ ထောင်ကို ခြိမ်းခြောက်နေပြီး အတော်များများကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ ညွှန်ကြားထားပြီးပြီလို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးသတ်ဌာနက ပြောပါတယ်။
ဆန် အန်ဒရီးယက်စ် နယ်မြေမှာလည်း နောက်ထပ် လူ ၂၇၀၀ ကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပါတယ်။
မီးသတ်သမား ၂၄၀၀ က မီးကိုသတ်ဖို့ ကြိုးစားနေပေမယ့် တောမီးက ဧက ခြောက်သောင်းကျော်မှာ လောင်ကျွမ်းနေတာကြောင့် ၁၀ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်ဖို့ မနည်းကြိုးစားနေရတယ်လို့ မီးသတ်ဌာနအရာရှိတွေက ပြောပါတယ်။
5 years Ago