အမေရိကန်နိုင်ငံ မစ်ချီဂန်ပြည်နယ် ဖလင့်ထ်မြို့မှာ ဒေသခံတွေဟာ ဒေသတွင်းက ရေကို သုံးလို့ အသက်ရှူလမ်းကြောင်း ပုံမမှန်တာ၊ အရေပြားပျက်စီးတာတွေ အပါအဝင် ကျန်းမာရေးပြဿ နာအမျိုးမျိုး ခံစားရတယ်လို့ တိုင်ကြားနေကြပါတယ်။
ဒါပေမယ့် အရာရှိတွေကတော့ ရေက ဘေးကင်းတယ်လို့ အာမခံခဲ့ကြတာပါ။
အရင်လကစပြီး ဖလင့်ထ်မြို့ခံတွေက သူတို့ရဲ့ ရေပိုက်တွေကနေ အန္တရာယ်သင့်အဆင့်ထိ ခဲသတ္တုဓာတ်တွေ ပါနေတာကြောင့် ခဲဆိပ်သင့် ကျန်းမာရေး ထိခိုက်အောင် လုပ်တယ်လို့ မြို့နဲ့ ပြည်နယ်အစိုးရကို စွပ်စွဲပြီး ပြည်ထောင်စုအဆင့်ထိ တရားစွဲခဲ့ကြပါတယ်။
ငွေသက်သာစေဖို့ ၂၀၁၄ ဧပြီက စပြီး ရေဖြန့်ဖြူးမှုရင်းမြစ်ကို ပြောင်းလဲခဲ့လို့ ခုလို ဖြစ်ရတာပါ။
ပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ခ် စင်ဒါနဲ့ ဖလင့်ထ်မြို့တော်ဝန်ဟောင်း ဒိန်း ဝေါလင်းတို့လည်း တရားစွဲခံရသူတွေထဲမှာ ပါခဲ့ပါတယ်။
မြို့တော်ဝန်ဟောင်းဟာ အရင်လက ရွေးကောက်ပွဲမှာ ပြန်အရွေးမခံရဘဲ ရှုံးနိမ့်ခဲ့တာပါ။
တကယ်လို့ ပြဿနာကို မဖြေရှင်းခဲ့ရင် အမေရိကန် အရပ်ဘက်လွတ်လပ်ခွင့် သမဂ္ဂနဲ့ သဘာဝရင်းမြစ် ခုခံကာကွယ်ရေး ကောင်စီတို့က တရားစွဲမယ်လို့ အရင်လက ပြောပါတယ်။
သောက်ရေထဲမှာ ခဲဆိပ်သင့်စေတဲ့ ရေအရင်းအမြစ် ဖြစ်နေတဲ့အကြောင်း ဖလင့်ထ်မြို့တော်ဝန်က ဒီဇင်ဘာ ၁၄ ရက်နေ့မှာ အသိအမှတ်ပြုပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
ဒက်ထရွိုက် ရေအရင်းအမြစ်ကို ယူသုံးနေရာက ဖလင့်ထ်မြစ်ရေကို ပြောင်းသုံးခဲ့လို့ ခုလို ခဲဆိပ်သင့်ရတာလို့ မြို့အာဏာပိုင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ကျန်ခဲ့တဲ့ အောက်တိုဘာက စပြီး ရေစနစ်ကို ဒက်ထရွိုက်မြို့ကနေ ပြန်ပြောင်းယူခဲ့ပေမယ့် ခဲဆိပ်က အိမ်အများအပြားမှာ လက်ခံနိုင်တဲ့ပမာဏ အထက်မှာ ဆက်ရှိနေတယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။
အရေးပေါ်ကြေညာချက် ထုတ်ပြန်မှုဟာ မြို့အတွင်း အရေးပေါ်ပံ့ပိုးရေး စီမံကိန်းကို အသက်ဝင်စေနိုင်ပြီး မြို့အတွင်း ဆက်သွယ်ရေးနဲ့ သတိထားမိမှု အခြေအနေကို တိုးမြင့်စေတယ်လို့ မြို့အာဏာပိုင်အဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။
ဒါ့အပြင် ပြည်နယ်နဲ့ သမ္မတက အရေးပေါ် အခြေအနေကို ကြေညာခဲ့ရင် ပြည်ထောင်စုနဲ့ ပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီက ဘဏ္ဍာရေး အထောက်အပံ့ကိုလည်း ရစေနိုင်ပါတယ်။
7 years Ago