အမေရိကန် ဗုံးကြဲလေယာဉ် ၂ စင်း မြောက်ကိုရီးယားပေါ် အင်အားပြပျံသန်း

July 31, 2017

အမေရိကန် ဗုံးကြဲလေယာဉ် ၂ စင်း မြောက်ကိုရီးယားပေါ် အင်အားပြပျံသန်း (ရုပ်သံ)

ကင်ဂျုံအန်းက ဂျပန်ပင်လယ်ပြင်ထဲ ဒုံးကျည်တွေ ပစ်လွှတ်ပြီးနောက် အင်အားပြတဲ့အနေနဲ့ အမေရိကန်နိုင်ငံ ဘီ-ဝမ်းဘီ ဗုံးကြဲလေယာဉ် ၂ စင်း ဇူလိုင် ၂၉ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံပေါ် ပျံသန်းခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားကလည်း အမေရိကန်မြေပေါ်ကို ရောက်နိုင်စွမ်းရှိတာကို သက်သေပြနိုင်တဲ့ နောက်ထပ် အောင်မြင်မှုရှိတဲ့ တိုက်ချင်းပစ်ဒုံးကျည် (အိုင်စီဘီအမ်) ကို ဇူလိုင် ၂၈ ရက်နေ့က စမ်းသပ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ ဇူလိုင် ၂၉ ရက်နေ့က ပျံသန်းခဲ့တဲ့ ဘီ-ဝမ်းဘီ ဗုံးကြဲလေယာဉ်တွေက မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ အရင် ဇူလိုင် ၃ ရက်နေ့မှာ Hwansong-14 ရော့ကက် ပစ်လွှတ်ခဲ့မှုတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ တုံ့ပြန်လိုက်တာလို့ အမေရိကန်လေတပ်ရဲ့ ဇူလိုင် ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။ အမေရိကန် လေတပ်အခြေစိုက်စခန်းဖြစ်တဲ့ အနောက်ပစိဖိတ် ဂူအမ်ကျွန်းကနေ ဗုံးကြဲလေယာဉ်တွေ ထွက်ခွာပျံသန်းခဲ့တာဖြစ်ပြီး လေ့ကျင့်ပျံသန်းမှုအတွင်း ဒီလေယာဉ်တွေကို ဂျပန်နဲ့ တောင်ကိုရီးယားရဲ့ တိုက်ဂျက်လေယာဉ်တွေက လာရောက်ပူးပေါင်း ပျံသန်းခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မြောက်ကိုရီးယားက ဒေသရဲ့တည်ငြိမ်မှုကို အကြီးကျယ်ဆုံး ခြိမ်းခြောက်တဲ့ နိုင်ငံအဖြစ် ရှိနေတုန်းပဲလို့ ပစိဖိတ်လေတပ်ရဲ့ အကြီးအကဲဖြစ်သူ တပ်မှူး ဗိုလ်ချုပ်ကြီးတာရန့်စ်ဂျေအိုက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ “ဒီလိုလုပ်ဖို့ တောင်းဆိုလာခဲ့ရင်တော့ ကျနော်တို့ဘက်က အမြန်ဆုံး အသေအကျေ တပ်အင်အားကြီးကြီးနဲ့ ပြန်တုံ့ပြန်တိုက်ခိုက်ရမှုလုပ်ဖို့ အဆင့်သင့်ပဲလို့” လည်း ဗိုလ်ချုပ်ကြီးက ပြောခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက်ညက ဒုံးကျည်ပစ်လွှတ်မှုကို ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး ဒါက အမေရိကန်နိုင်ငံကို ပြင်းထန်တဲ့ သတိပေးချက်ပဲ၊ အမေရိကန်က တိုက်ဖို့ ကြိုးစားခဲ့ရင်တော့ ပျက်စီးဆုံးရှုံးမှုကနေ လွတ်နိုင်မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားရဲ့ အစိုးရပိုင် ကေစီအန်အေ သတင်းဌာနက ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နိုင်ငံတော်ပိုင် ရုပ်သံချန်နယ်ကနေလည်း အမှောင်ထဲမှာ မီးတောက်တွေ ထွက်ပေါ်လာပြီး ဒုံးကျည်ကို ပစ်လွှတ်လိုက်တဲ့ စမ်းသပ်ခစ်ခတ်မှု ရုပ်ပုံတွေနဲ့ ကင်ဂျုံအန်းက သူ့ရဲ့ လက်ထောက်စစ်အရာရှိတွေနဲ့အတူ အောင်မြင်ပါစေကြောင်း အော်ဟစ်နေတဲ့ ရုပ်ပုံတွေကို ထုတ်လွှင့်ခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up